ထိုင်းတွင် မြန်မာပွဲစားတစ်ဦး အသတ်ခံရ

0
2810

မြန်မာအလုပ်သမားများကို ထိုင်းသို့ ပို့ဆောင်ပေးနေသော မြန်မာပွဲစားတစ်ဦးသည် ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် ဇန်နဝါရီလ ၁၂ ရက်က ဓားဖြင့်ထိုးသတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စမွတ်ပရကန်ခရိုင် ဘန်ပူဒေသ လူနေတိုက်ခန်းအဆောက်အအုံတစ်ခု၏ ဒုတိယထပ်ရှိ အခန်းထဲတွင် မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံထားရခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သေဆုံးသူသည် အသက် ၂၃နှစ်အရွယ် ကိုဗိုလ်မိုးဟိန်းအမည်ရှိသူဖြစ်ပြီး ဝမ်းဗိုက်နှင့် နောက်ကျောတို့တွင် ဓါးဒဏ်ရာများဖြင့် သွေးအိုင်ထဲလဲလျက်သေဆုံးနေကြောင်း ဖော်ပြသည်။

လက်နှစ်ဖက်စလုံးကိုလည်း နောက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်းတွင် အဝတ်စတစ်ခုဖြင့် ချည်ထားလျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရေးသားထားသည်။

အခန်းအတွင်းတွင်လည်း တိုက်ခိုက်ထားသည့်ပုံစံ တွေ့ရှိခဲ့ရပြီး ပစ္စည်းများကို မွှေနှောက်ရှာဖွေထားသည့် ပုံစံပုံဖြစ်နေကြောင်း ရဲတပ်ဖွဲ့၏ တွေ့ရှိချက်ကို ကိုးကားကာ ဖော်ပြသည်။

အဆိုပါသေဆုံးမှုကို တစ်တိုက်တည်းနေထိုင်သူတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် လုံခြုံရေးဝန်ထမ်းမှတစ်ဆင့် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သေဆုံးသူသည် ထိုင်းနိုင်ငံတွင် နှစ်ချီနေထိုင်နေသူဖြစ်ပြီး မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုင်းတွင် အလုပ်လုပ်ရန်အတွက် ခေါ်ယူပေးနေသော ပွဲစားတစ်ဦးလည်းဖြစ်ကြောင်း နီးစပ်သူက ပြောကြားသည်ဟု ဖော်ပြသည်။

သေဆုံးသူသည် ငွေအသင့်အတင့်ရှိပုံရပြီး ရွှေကြိုး၊ လက်စွပ်များကိုလည်း ဝတ်ဆင်လေ့ရှိသူဖြစ်ကာ အဆိုပါတိုက်တွင် နေထိုင်သူများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူဖြစ်ကြောင်းလည်း ရေးသားထားသည်။

 ၎င်း၏အခန်းတွင်လည်း မြန်မာအလုပ်သမားများ အမြဲတမ်း ဝင်ထွက်လေ့ရှိသည်ဟု ဖော်ပြသည်။

အလောင်းကို မတွေ့ခင်အချိန်တွင် သေဆုံးသူ အခန်းအတွင်းမှ လူ သုံးဦးထွက်ပြေးလာသည်ကို သိရှိကြပြီး ၎င်းတို့မှာ ပျောက်ဆုံးလျက်ရှိနေကြာင်း ဖော်ပြသည်။

အဆိုပါသုံးဦးသည် အမှုနှင့် သက်ဆိုင်မှု ရှိမရှိ CCTV မှတ်တမ်းများမှတစ်ဆင့် စစ်ဆေးလျက်ရှိကြောင်း ဖော်ပြသည်။

သေဆုံးသူသည် ပွဲစားဖြစ်သဖြင့် အလုပ်သမားများနှင့် ပြဿနာ ရှိမရှိ စစ်ဆေးလျက်ရှိနေပြီး CCTV မှတ်တမ်းများနှင့် သက်သေအထောက်အထားများအရ ပြစ်မှုကျူးလွန်သူမှာ အနည်းဆုံး လူ နှစ်ဦးဖြစ်နိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကောက်ချက်ချထားဟု သတင်းများတွင် ရေးသားထားသည်။

Ref: Thai PBS, Workpoint 23, ข่าวสารเมืองปราการ v2, CH 7