ပလောက်မြို့ မိသားစုဝင် ၇ ဦးအသတ်ခံရမှု ပြင်းထန်စွာရှုတ်ချဟု မြိတ်ခရိုင်တပ်ရင်း ၁ ထုတ်ပြန်

0
3644

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် အသတ်ခံရသည့် မိသားစုဝင် ၇ ဦး အသတ်ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း ၁ ပုလောက ယနေ့ထုတ်ပြန်လိုက်သည်။

ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အလယ်ကုန်းရွာတွင် ဖေဖော်ဝါရီ ၁၁ ရက်ညက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ဇနီး၊ သမီးနှင့် မြေးဖြစ်သူ ကလေးငယ်အပါအဝင် မိသားစု ၇ ဦးကို အမည်မသိအဖွဲ့က သတ်သွားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်ည ၈ နာရီ ၂၀ ခန့်က လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး အိမ်တံခါးဖွင့်ခိုင်းကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ကလေးငယ်များအပါအဝင် မိသားစုဝင်များအားလုံးကို သတ်ဖြတ်သွားခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဇနီးဖြစ်သူဒေါ်ကြင်နွဲ့၊ သမီး ဒေါ်သန်းသန်းမော် ၄၂ နှစ်၊ မြေးဖြစ်သူ မောင်နေထက်သိန်း ၁၇ နှစ်၊ မောင်ဇေယျာအောင် ၁၆ နှစ်၊ မောင်စိုးမင်းပိုင် ၁၃ နှစ်၊ မမေဇင်ဖြူ ၉ နှစ်၊ မောင်သားသား ၂ နှစ်ကျော်တို့ ဖြစ်သည်။

ယင်းသတ်ဖြတ်မှုမှာ မိမိတို့တပ်ရင်း(၁)နှင့် သက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် လူမဆန်စွာအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကိုလည်း အပြင်းအထန်ရှုတ်ချကြောင်း ရေးသားထားသည်။

ပုလောအခြစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ခံတပ်ဖြစ်ပြီး အရပ်သားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် စစ်သည်တော်ကျင့်ဝတ်နှင့်အညီ မည်ကဲ့သို့ ပြုမူဆက်ဆံရမည်ကို လေ့ကျင့်သင်ကြားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးနှင့်ကလေးသူငယ်အပါအဝင် မိသားစု ၇ ဦး အသတ်ခံရခြင်းအတွက်လည်း များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ရေးသားထားသည်။

အဆိုပါအသတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့သတ်သည်ဆိုခြင်းကို ထုတ်ပြန်ခြင်း မရှိသေးသလို Dawei Watch အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။