ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပေါ် တိုက်ပွဲဖြစ်ပြီး လမ်းယာယီပိတ်

0
8818

ရေဖြူမြို့နယ် ရန်ကုန်- ထားဝယ် ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေက တိုက်ပွဲဖြစ်ပွားနေပြီး လမ်းကိုယာယီပိတ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယနေ့ ညနေ ၃ ခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်နေသည့်အတွက် ရန်ကုန်ဘက်မှလာသည့်ကားများကို ၂၅ မိုင်တွင် စစ်ကောင်စီတပ်က ပိတ်ထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်ဘက်မှ သွားသည့်ကားများကိုမူ ၁၉ မိုင်ဝန်းကျင်တွင် ဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း ၎င်းက ဆိုသည်။

“ပစ်သံတွေကတော့ ဆူညံနေတာ။ ရန်ကုန်ဘက်က ဆင်းလာတဲ့ကားတွေဆို ရာချီလောက်အထိ ရှိနိုင်တယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

ညနေ ၆ နာရီကျော်သည်အထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ည ၇ နာရီတွင် ကြားသိရသည့်သတင်းများအရ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ နတ်သမီးရေတံခွန်ဟု လူသိများသည့် နေရာတစ်ဝိုက်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် မိုင်အနည်းငယ်အကွာတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ ခြေမြန်တပ်ရင်းများရှိသည်။

ထိုတပ်ရင်းက တပ်ဖွဲ့ဝင်များမှာ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးများသို့ စေလွှတ်ခံထားရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ စုံစမ်းနေဆဲဖြစ်သည်။