မြိတ်တွင် ကွမ်းသီးဈေး ပြန်တက်

0
2955

မြိတ်ဒေသထွက် ကွမ်းသီးခြောက်ဈေး ပြန်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ကွမ်းသီးခြောက် တစ်ပိဿာလျှင် သုံးထောင်သုံးရာကျပ်မှ သုံး‌ထောင်ခြောက်ရာကျပ် အထိသာဈေးရှိခဲ့ကြောင်း ကွမ်းသီးခြောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောသည်။

ယင်းနောက် ယခု ဖေဖော်ဝါရီလအစမှ စပြီး တစ်ပိဿာလျှင် သုံးထောင်ကိုးရာကျပ် ပြန်လည်ရရှိနေကြောင်း ၎င်းတို့က ဆိုသည်။

“ဈေးတော့ နည်းနည်းပြန်တက်လာ‌နေတယ်။ နယ်စပ်ဂိတ်ပြန်ဖွင့်ရင် ဈေးပြန်တက်လာဦးမယ်” ဟု ကန်ဖျားရပ်ရှိ ကွမ်းသီးခြောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံသို့ ကွမ်းသီးများ တင်ပို့ရာလမ်းဖြစ်သည့် တမူး-မိုးရေးနယ်စပ်ဂိတ်အား နိုဝင်ဘာလ ၁၅ ရက်နေ့မှစပြီး အိန္ဒိယဘက်က သုံးလပိတ်ခဲ့ပြီးနောက် ကွမ်းသီးဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ နယ်စပ်ဂိတ် ပိတ်ထားခြင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သုံးလပြည့်မည်ဖြစ်သည်။

နယ်စပ်ဂိတ် ပြန်ဖွင့်ခါနီးအချိန်ဖြစ်သဖြင့် ဈေးပြန်တက်လာခြင်းဖြစ်ပြီး ဂိတ်ဖွင့်မဖွင့်အပေါ်မူတည်ကာ ဈေးအတက်အကျ ဖြစ်လာနိုင်ကြောင်း ကွမ်းသီးခြောက် ရောင်းဝယ်ရေးလုပ်ငန်းသူအချို့က ခန့်မှန်းထားသည်။

“နယ်စပ်ဂိတ်ဖွင့်မလား၊ မဖွင့်ဘူးလားဆိုတာ အသိအကျမသိရသေးဘူး။ သတ်မှတ်ရက်ပြည့်ခါနီးဆိုတော့ ဖွင့်မယ် လို့တော့ ထင်တယ်။ ဖွင့်မှပဲ ကွမ်းသီးဒိုင်တွေလည်း အဆင်ပြေမှာကိုး။ ဒိုင်တွေမှာ ဝယ်သိုထားတဲ့ ကွမ်းသီးတွေ တော်တော်များတယ်။ ဂိတ်မဖွင့်ဘူးဆိုရင် ကွမ်းသီးဈေး ဒီထက်ပြန်ကျသွားနိုင်တယ်။ ဖွင့်ရင်တော့ ပမာဏတစ်ခုအထိ ဈေးကောင်းကောင်းရသွားနိုင်တယ်” ဟု တနင်္သာရီမြို့နယ်က ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ကွမ်းသီးအများဆုံး ထွက်ရှိရာ နေရာတစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ်သည် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်နေသည်။

အဆိုပါ တိုက်ပွဲအတားအဆီးကြားတို့မှ ကွမ်းသီးကောက်နေရသည့်အချိန်တွင် ကွမ်းသီးဈေးကျခြင်းနှင့် အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွက်ခြေမကိုက်ဖြစ်ခဲ့ရသဖြင့် ဈေးကောင်းရမည့်အချိန်အား မျှော်နေရကြောင်း တနင်္သာရီမြို့နယ်ရှိ ဥယျာဉ်ခြံလုပ်ကိုင်သူအချို့က ပြောဆိုသည်။

“အခု ဈေးနည်းနည်းပြန်ကောင်းလာပြီ။ ဈေးတက်လာဖို့ပဲ မျှော်နေရတာ။ မဟုတ်ရင် နောက်ကွမ်းသီး ကောက်မယ့်သူတောင် ရှိမှာ မဟုတ်တော့ဘူး” ဟု တနင်္သာရီမြို့နယ်ရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

မြိတ်ခရိုင်ရှိ မြိတ်၊ တနင်္သာရီ၊ ပုလောမြို့နယ်တို့တွင် ကွမ်းသီးခြောက် အများဆုံးထွက်ရှိလေ့ရှိသည်။