ပလောက်မြို့တွင် အုပ်ချုပ်ရေးမှုး၏ မိသားစုဝင် ၇ ဦးပစ်သတ်ခံရ

0
4374

ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းကျေးရွာတွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ မိသားစုဝင် ၇ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်ည ၈ နာရီ ၂၀ ခန့်က လက်နက်ကိုင် လူတစ်စုရောက်ရှိလာပြီး အိမ်တံခါးဖွင့်ခိုင်းကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ကလေးငယ်များအပါအဝင် မိသားစုဝင်များအားလုံးကို သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

ဦးမြင့်အောင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်ပြီး သမက်မှာလည်း ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့ဝင်ဖြစ်ကြောင်း ကာယကံရှင်က အတည်ပြုပြောဆိုသည်။

သေဆုံးသူများမှာ ဇနီးဖြစ်သူဒေါ်ကြင်နွဲ့မှာ အသက် ၆၁ ကျော်ပြီဖြစ်ပြီး သမီးဖြစ်သူ ဒေါ်သန်းသန်းမော် ၄၂ နှစ်၊ မြေးဖြစ်သူ မောင်နေထက်သိန်း ၁၇ နှစ်၊ မောင်ဇေယျာအောင် ၁၆ နှစ်၊ မောင်စိုးမင်းပိုင် ၁၃ နှစ်၊ မမေဇင်ဖြူ ၉ နှစ်၊ မောင်သားသား ၂ နှစ်ကျော်တို့ ဖြစ်သည်။

အသတ်ခံရသူများတွင် ၁၀ တန်းတက်နေသည့် ကျောင်းသားနှင့် ၈ တန်း၊ ၇ တန်း၊ ၂ တန်း တက်နေသည့် ကလေးများပါဝင်ပြီး အငယ်ဆုံးကလေးမှာ ၂ နှစ်ကျော်ဖြစ်သည်ဟု သိရသည်။

ယင်းသို့ ကလေးငယ်များအပါအဝင် မိသားစုဝင် ၇ ဦးအသတ်ခံရမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုခြင်းကိုမူ ယခုအချိန်အထိ မသိရသေးပေ။

ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်က စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာထားသည်။