ဗုံးချတိုက်ခိုက်ရာတွင် ပစ်ခတ်ခံရသဖြင့် ဒရုန်းတစ်စီးပျက်စီးဟု KPDF ထုတ်ပြန်

0
2866
ဓါတ်ပုံ - KPDF (ပုလော)

စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာတွင် ပစ်ခတ်ခံရသဖြင့် ဒရုန်းတစ်စီးပျက်စီးသွားကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ K-PDF ပုလောက ယနေ့ ထုတ်ပြန်လိုက်သည်။

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာနှင့် နန်းတောင်ကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ဖေဖော်ဝါရီလ ၉ ရက်တွင် ဒရုန်းဖြင့် ငါးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းသို့တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့်ကျည် ထိမှန်ကာ ဒရုန်းတစ်စီးပျက်စီး သွားသည်ဟုဆိုသည်။

ဗုံးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ကျဆုံးခဲ့ပြီး အရေအတွက်ကို အတည်မပြုရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KPDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

KPDF သည် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး
စစ်ကောင်စီတပ်ဂိတ်စခန်းများအား ယခင်ကလည်း ဒရုန်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။