ရေးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ၁၀နှစ်အရွယ် ကိုရင်ငယ်တစ်ပါးပျံလွန်

0
2786

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုစည်းမြိုင်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ကိုရင်ငယ်တစ်ပါး ပျံလွန်ပြီး ရဟန်းတစ်ပါး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်ရင်း (၃၁၇) က ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၄ နာရီ ဝန်းကျင်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

လက်နက်ကြီးကျည်များသည် ကနင်းကမော့ကျေးရွာဘေးရှိ စုစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းတော်ကြီးကျောင်းအရှေ့နှင့် အနောက်ဖက်ခြံဝန်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းသို့ ကျရောက်မှုကြောင့် ကျောင်းအရှေ့တွင် ရှိနေသည့် အသက် ၁၀ နှစ်အရွယ် ကိုရင်ငယ်တစ်ပါး ကျည်ထိမှန်ပြီး ပျံလွန်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းအပြင် သက်တော် ၆၀ ကျော်ရှိ ရဟန်းတစ်ပါးလည်း လက်မောင်းနှင့် ကျောပြင်တို့တွင် ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

“မနေ့က ညနေပိုင်းလောက်မှာ မော့ကနင်အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ ကနင်းကမော့ကျေးရွာဘက်ကို ပစ်တာ။ ကနင်းကမော့ရွာဘေးက စုစည်းမြိုင်ဘုန်းကြီးကျောင်းဝင်းထဲ ကျကွဲသွားတယ်။ အဲဒီမှာ ကိုရင်လေး တစ်ပါးက ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်။ ဦးဇင်းတစ်ပါးလည်း ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်ဒဏ်ရာရရှိသည် ရဟန်းကို လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် ပို့ဆောင်ဆေးကုသနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်တို့သည် ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေပြီး ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက အောင်သာယာကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့သည်။

ညနေပိုင်းတွင် စစ်ကောင်စီအမြှောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကနင်ကမော့ကျေးရွာက အမျိုးသမီးနှစ်ဦး ထိမှန်ဒဏ်ရာများရရှိခဲ့သေးသည်။

ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်၊ ပြည်သူ့ကာကွယ်တို့အကြား ပစ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

ပစ်ခတ်တိုက်ခိုက်များ မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားပြီး ညနေ ၆ နာရီမှ နံနက် ၆ နာအထိ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ထားသည်။