ပုလောနှင့်တနင်္သာရီတွင် ညလုံးပေါက် လက်နက်ကြီးများဖြင့်ပစ်ခတ်

0
3340

တနင်္သာရီတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြိတ်ခရိုင်၊ ပုလောမြို့နှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ညလုံးပေါက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။

ပုလောမြို့ ၂၈၅ တပ်ရင်းမှ အနီးအနားကျေးရွာများဖြစ်ကြသည့် တို၊ ပိတပ်၊ မြဒေါင်၊ သင်္ကန်းတော၊ တန်းရှင်း၊ ကဒဲ စသည့် ကျေးရွာများဘက်သို့ နေ့ရောညပါ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

“ညကလည်း ညလုံးပေါက်ပစ်တယ်။ ဒီမနက်စောစောလည်း ပစ်တုန်းပဲ။ လူတွေက အပြင်တောင်ထွက်လို့ မရတော့ဘူး။ အိမ်တွေပိတ်ပြီး ပြေးတဲ့သူတွေက ပြေးကုန်ကြပြီ”ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယင်းအပြင် ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး ယနေ့နံနက်တွင်မှ ပြန်လည်ရရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။

စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးသည့် လမ်းတစ်လျှောက်ရှိ ဒေသခံအမျိုးသားများကို ဖမ်းဆီးစစ်ဆေးခြင်းများလည်း ပြုလုပ်လျက်ရှိနေသဖြင့် ပုန်းနေကြရသည်ဟု ၎င်းတို့ကပြောသည်။

ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပလမြို့အနီးတဝိုက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်တပ်တို့ နေ့စဥ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အလားတူ တနင်္သာရီမြို့အနီးရှိ အမြောက်တပ်ကလည်း ပြီးခဲ့သည့်ညက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မရင်းကြီးရွာနေ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“အရပ်ရှစ်မျက်နှာကို ပစ်နေတော့။ လျှောက်ထိနေတာပေါ့။ ဘယ်နှစ်ယောက်လောက် ထိတယ်ဆိုတာ မသိရသေးဘူး။ ဘန်လောရွာလမ်းဆုံမှာလည်း တစ်လုံးလာကျသေးတယ်”ဟု တနင်္သာရီဒေသခံ အမျိုးသား ကပြောသည်။

တနင်္သာရီမြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာထားပြီး ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များရှိရာသို့ မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။

တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင်ရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့အား စစ်ကောင်စီမှ ဖေဖော်ဝါရီ ၂ နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။