ကံပေါက်ဒေသက အမျိုးသမီးငါးဦးထပ်မံအဖမ်းခံရ

0
2535

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီးငါးဦးကို ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဖမ်းခံရသူအမျိုးသမီးတို့မှာ ဒေါ်မာမာဝေ၊ ဒေါ်သန်းသန်းစိုး၊ ဒေါ်ချိုချိုအောင်၊ ဒေါ်မိသန်းကြွယ်နှင့် သမီးဖြစ်သူ မရွက်နုဝေတို့ ဖြစ်ကြသည်။

“ဖေဖော်ဝါရီ ၉ ရက်ညက အခုအဖမ်းခံရတဲ့ လှည်းကုန်းရပ်ကွက်က အိမ်တွေနဲ့ ခိုင်သဇင်ရပ်ကွက်က CDM ဆရာမတစ်ဦးရဲ့ နေအိမ်လည်း ဝင်ရှာခံရတယ်။ မနက်ကျတော့ ရေတပ်က လာခေါ်သွားတယ်။ ဆရာမက ခရီးထွက်နေတော့ ခေါ်သွားရာမှာ မပါသွားဘူး” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယခု အဖမ်းခံထားရသည့် အမျိုးသမီးငါးဦးသည် စစ်ကောင်စီတပ်က ယခင်ဖမ်းဆီးပြီးပြန်လွှတ်လိုက်သည့် လှည်းကုန်းရပ်ကွက်မှ ဒေသခံများနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြကြောင်း ဒေသခံတို့က ဆိုသည်။

သို့သော်မည့်သည်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ မသိရသေးပေ။

အဆိုပါအမျိုးသမီးငါးဦးအား ကံပေါက်နယ်မြေရဲစခန်းမှတစ်ဆင့် မောရဝတီရေတပ်ထဲသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးနေကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ကံပေါက်ကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရပြီးနောက် ဇန်နဝါရီလ ၂၅ ရက်ညပိုင်းမှစပြီး ဒေသခံများ ဆက်တိုက်အဖမ်းခံနေရခြင်းဖြစ်သည်။

ယခုအဖမ်းခံသူ ငါးဦးအပါအဝင် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဒေသခံ ၂၃ ဦး အဖမ်းခံခဲ့ရပြီး ၁၅ ဦး ပြန်လွတ်မြောက်လာပြီ ဖြစ်သည်။

ကျန်ရှစ်ဦးမှာ ဆက်လက်ထိန်းသိမ်းစစ်ဆေးခံနေရဆဲဖြစ်သည်။