အာဏာသိမ်းပြီးနောက် မြိတ်တွင် ဆန်ကြမ်းဈေးသုံးဆကျော်မြင့်တက်

0
2559

အာဏာသိမ်းပြီး ၂နှစ်ကျော်အကြာ မြိတ်ကုန်စည်‌ဈေးကွက်တွင် ဆန်ကြမ်းဈေး သုံးဆကျော်မြင့်တက်လာကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။

အာဏာမသိမ်းမီက ဆန်ကြမ်းတစ်ပြည်လျှင် ၈၀၀ မှ ၉၀၀ ကျပ်နှုန်း ၂၄ ပြည် တစ်အိတ်လျှင် ၁၉၂၀၀ ကျပ်မှ ၂၁၆၀၀ ကျပ် သာရှိခဲ့ကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

အာဏာသိမ်းပြီး ၂နှစ်ကျော်အကြာတွင် တစ်ပြည်လျှင် ၂၇၀၀ ကျပ်နှုန်း တစ်အိတ်လျှင် ၆၄၈၀၀ ကျပ်အထိ မြင့်တက် သွားကြောင်း ၎င်းတို့က ဆိုသည်။

“ဆန်ကြမ်းတစ်ခုတည်း မဟုတ်ဘူး။ ဆန်အားလုံးတက်တာ” ဟု ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်အထိ ၂၄ ပြည်ပါ ဆန်ကြမ်းတစ်အိတ်လျှင် ၅၆၀၀၀ ကျပ်သာရှိခဲ့ရာမှ ဒုတိယ အပတ်မှစပြီး ၆၄၈၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကစပြီး ဆန်းကြမ်းအသစ်များ စတင်ဝင်ရောက်စဉ်က တစ်ပြည်လျှင် ကျပ် ၂၀၀၀ နီးပါး တစ်အိတ်ဆိုလျှင် ၄၇၀၀၀ ကျပ်သာရှိခဲ့ကြောင်း ကုန်စုံအရောင်းဆိုင်ရှင်အချို့က ပြောဆိုသည်။

ယင်းနောက် ၄၈၀၀၀ ကျပ်၊ ၄၉၀၀၀ ကျပ်၊ ၅၂၀၀၀ ကျပ်၊ ၅၄၀၀၀ ကျပ်၊ ၅၆၀၀၀ ကျပ်၊ ၅၇၀၀၀ ကျပ် စသဖြင့် ဈေးနှုန်း တဖြေးဖြေး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဆန်ကြမ်း စဝင်ကတည်းက မှန်းထားတဲ့အတိုင်း ထပ်ပြီးတက်လာတာပဲ။ အခုက တအားခုန်တက်သွားတာ။ ရန်ကုန်ပွဲရုံဘက်ကို ထပ်မှာ‌လို့ မရသေးဘူး” ဟု မြို့သစ်ရပ်ရှိ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ဆန်ကြမ်းသည် အခြေခံလူတန်းစားအများစုအပါအဝင် လူအများစုစားသုံးလေ့ရှိကြသည်။ ဆန်ကြမ်းဈေး မြင့်တက် လာသည့် ဒဏ်အား ဆန်ဖြင့်ပြုလုပ်သည့် မုန့်လုပ်ငန်းများအပါအဝင် အခြေခံလူတန်းစားများ ရင်ဆိုင်နေရသည်။

“ဆန်‌ဈေးက မကြားဖူးတဲ့ ဈေးတွေကြားနေရပြီ။ တစ်နေ့လုပ်တာမှ တစ်သောင်းပဲရတာ။ ဒီအတိုင်းဆို ကြာလာရင် ဝမ်းရေးအတွက် မလွယ်တော့ဘူး။ ဒုက္ခတွေက ဆက်တိုက်ပဲလာနေတော့တာပဲ” ဟု ပန်းရံလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်ဆန်ဈေးကွက်တွင် ဆန်ကြမ်းဈေးအပြင် ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၁၀၆၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၇၉၀၀၀ မှ ၈၅၀၀၀ ကျပ်နှုန်းအထိ ဈေးရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

မြိတ်ဒေသတွင် ဒေသတွင်းက ထွက်ရှိသည့် ဆန်အပြင် ရန်ကုန်၊ မော်လမြိုင်ဘက်တို့ဘက်က ဆန်တို့အား အများဆုံးတင်သွင်းရောင်းချနေကြကြောင်း ဆန်ကုန်သည်အချို့က ပြောဆိုသည်။

“မြိတ်မှာ ဆန်စက်ကြီးတွေရှိတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ရန်ကုန်ဘက်တွေက မှာရောင်းရတာပဲ” ဟု ကန်ဖျားရပ်နေ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

အာဏာသိမ်းကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းကာ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဆန်ဈေးများ တက်လာသလို သွင်းအားစုများ ဈေးကြီးမြင့်မှု၊ ဒေသမတည်ငြိမ်မှုတို့ကြောင့်လည်း စပါးစိုက်ပျိုးမှု လျော့နည်းသွားခြင်းတို့ကြောင့်လည်း စပါးဈေးတက်လာခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိသည်။

ယင်းသို့အခြေအနေတွင် ပြည်ပသို့ ဆန်တင်ပို့မှု လျာထားချက်ပြည့်အောင် ဆောင်ရွက်နေကြသဖြင့် ဆန်ဈေးတက်ရခြင်း ဖြစ်ကြောင်း မြိတ်က ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတို့က ပြောပြသည်။

“တရုတ်ဘက်ကို အများဆုံးပို့‌နေကြတာ။ ပွဲရုံမှာတောင် ဆန်တွေပြတ်၊ ဝယ်ဈေးလည်းတက်နေလို့ နယ်ဘက်တွေကို မချပေးနိုင်ဘူးဖြစ်နေတယ်” ဟု ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ခုနှင့် နီးစပ်သည့် မြိတ်က ဆန်ကုန်သည်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ဆန်တန်ချိန် ၂ သန်း တင်ပို့ရန်လျာထားပြီး လစဉ် တန်ချိန် ၂ သိန်းခန့် ပုံမှန်တင်ပို့နေရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းခန့်က ပြည်တွင်း သတင်းဌာနတစ်ခုသို့ ပြောဆိုထားသည်။

၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ ဒသမ ၈ သန်းကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇၉ သန်းရရှိသည်အထိ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ဆန်များအား တရုတ်၊ EU နိုင်ငံများ၊ ဖိလင်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့နေသည်။