မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်

0
2631

စစ်ကောင်စီ ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် နိုင်ငံရေးပါတီ ဖျက်သိမ်းမခံရစေရန် မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်မည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမည်ဖြစ်ပြီး မှတ်ပုံပြန်မတင်သည့် ပါတီများသည် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသား ဖြစ်သည်ဟု ပြဌာန်းပါရှိသည်။

ဥပဒေသစ် ပြဌာန်းချက်တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမည်ဖြစ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီဖွင့်လှစ်ရမည်ဟု ပါရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ပါပြဌာန်းချက်သည် မွန်ညီညွတ်ရေးပါတီအတွက် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် ရပ်တည်ရန် အခက်အခဲရှိသည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

“နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးနိုင်တဲ့ ပါတီအနေနဲ့ ဖွဲ့စည်းနိုင်‌တော့မှာမဟုတ်‌တော့ဘူး၊ ကျွန်တော်တို့အနေနဲ့က ပြည်နယ်တစ်ခုအတွင်းမှာပဲ စည်းရုံးနိုင်မယ့် ပါတီအနေနဲ့ ဆောင်ရွက်သွားဖို့ရှိတယ်” ဟု နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲများက ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးသည့်ပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀  စည်းရုံးရမည်ဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြောင်း အထောက်အထားရှိရမည်ဟု ပြဌာန်းပါရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်မည်ဟု ပြဌာန်းပါရှိသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ရွေးကောက်ပွဲ၌ စည်းရုံးရမည့် တိုင်းဒေသပြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အပါအဝင် အနည်းဆုံး မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိပါက ပါတီ ဆက်လက်ရပ်တည်ခွင့်မရှိဘူး ဟူ၍လို့လည်း ပြဌာန်းထားသည်။

မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိထားခဲ့သည့်ပါတီဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ညီညွတ်ရေးပါတီဝင်အချို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ်  ပါဝင်ခဲ့သည့်အတွက် ဝေဖန်မှုများ ခံနေရသည်။