လောင်းလုံးတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

0
2791

လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦး ယနေ့ ဖေဖော်ဝါရီလ ၁ဝရက် နံနက်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အသက် ၃၀ အရွယ် ဦးစိုးဆိုသူနှင့် ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ကြည်သန်းဆိုသူတို့ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပြင်ကြီးရွာအနီး လှေဆိပ်၌ လှေပေါ်မှ ငါးသယ်ပြီး အပြန်လမ်းတွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ယောက်ျားက ဆိုင်ကယ်‌ ပေါ်ခွလျက် လဲကျသေဆုံးနေတယ်။ သူ့အမျိုးသမီးကတော့ ဆိုင်ကယ်နဲ့ မလှမ်းမကန်းမှာ လဲကျသေဆုံးနေတယ်” ဟု ၎င်းက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုး၏ ရင်ဖက်တွင် သေနတ်ဒဏ်ရာနှစ်ချက်၊ ညာဖက်ပါး တွင်တစ်ချက်၊ ဦးခေါင်းတွင်တစ်ချက် ထိမှန်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ဇနီးဖြစ်သူတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း ၎င်းတို့က ဆိုသည်။

၎င်းတို့ ဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။

ရုပ်အလောင်းများကို ယနေ့ မွန်းလွဲပိုင်းက အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

လောင်းလုံးတွင် ဖေဖော်ဝါရီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ပစ်သတ်ခံရပြီး သေဆုံးသူများအနက် စစ်ပြဲရွာအုပ်ရေးမှူးဟောင်း ဦးသားလေးဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကျန်သုံးဦးကို မည်သူတို့က ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။