တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2595

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်၀ဝါရီ ၄ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ

တူရကီ၊ ဆီရီးယား ငလျင်ကြောင့် သေဆုံးသူ ၂ သောင်းကျော်အထိတိုးလာ

တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ လူပေါင်း ၂ သောင်းကျော်နေပြီဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေဟာလည်း ပစ္စည်းကရိယာ ကောင်းကောင်းမပါပဲ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို အချိန်လုပြီး ကြိုးစား ရှာဖွေနေကြဆဲပါ။

ပြင်းအား ၇.၈ မဂ္ဂနီကျူ့ရှိတဲ့အင်အားပြင်းငလျင်ဟာ တနင်္လာနေ့မနက်ပိုင်းမှာ ဂါဇီယန်တပ်မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာ ၇.၅ မဂ္ဂနီကျူ့ ရှိတဲ့ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့တာပါ။

တူရကီအစိုးရ သဘာဝဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲတဲ့ အဖွဲ့ကတော့ ကယ်ဆယ်ရေးလုပ်သား တသိန်း တသောင်းလောက် အပါအဝင်၊ ထွန်စက်တွေ၊ ကရိန်းကားတွေ၊ ဘူဒိုဇာတွေ၊ တူးဖေါ်ရေး ဆိုင်ရာယာဉ် အစင်းပေါင်း ၅၅၀၀ လောက် ငလျင်ဒဏ်သင့် ဒေသကို ပို့ပေးထားတယ်လို့ ပြောပါတယ်။

ဆီးရီးယားနိုင်ငံထဲကို နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေ ဝင်နေပြီဖြစ်ပေမဲ့ ပျက်စီးနေတဲ့လမ်းတွေကြောင့် ငလျင်ဒဏ်သင့်ဒေသတွေဆီ သွားဖို့ ခက်နေပါတယ်။

Hatay ပြည်နယ်မှာတင် ငလျင်ကြောင့် သေဆုံးရသူ ၃၃၀၀ ကျော် ရှိနေတာပါ။

တူရကီနိုင်ငံမှာ လူပေါင်း ၁၇၀၀၀ ကျော် သေဆုံးခဲ့ရသလို ဒဏ်ရာရသူက ၆၃၀၀၀ ရှိနေတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။

ဆီးရီးယားဘက်မှာတော့ သေဆုံးသူက ၃၁၀၀ ရှိနေတယ်လို့ ဆီးရီးယားအစိုးရနဲ့ ကူညီကယ်ဆယ်သူတွေက ပြောပါတယ်။

အဆိုပါငလျင်ဟာ ဂျပန်နိုင်ငံ မှာ ၂၀၁၁ တုန်းက ငလျင်နဲ့ ဆူနာမိရေလှိုင်း ဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၂ သောင်းနီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ပြီးကတည်းက ကမ္ဘာမှာ အသေအပျောက် အများဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

Ref: CNN

………………………………..

ဩစတေးလျရုံးတွေကနေ တရုတ်လုပ် လုံခြုံရေးပစ္စည်းတွေ ဖယ်ရှားမယ်

သြစတြေးလျကာကွယ်ရေးဌာနရုံးတွေမှာ လုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ တရုတ်နိုင်ငံလုပ် CCTV ကင်မရာတွေပါအဝင် လုံခြုံရေး ပစ္စည်တွေကို ဖြုတ်ပစ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါဟာ ဗြိတိန်နဲ့ အမေရိကန်အစိုးရတွေက အလားတူ ဆုံးဖြတ်ချက်တွေချခဲ့ပြီးတဲ့နောက်မှာ သြစတြေးလျကလည်း အခုလို ဆုံးဖြတ်လိုက်တာလို့ ကာကွယ်ရေးဝန်ကြီးက Richard Marles ပြောပါတယ်။

တရုတ်ကုမ္ပဏီ Hikvision နဲ့ Dahua တို့က ထုတ်လုပ်ပြီး သြစတြေးလျ ကာကွယ်ရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဌာန၊ ကုန်သွယ်ရေးဌာန စတဲ့ အစိုးရရုံး တွေမှာ တပ်ဆင်ထားတဲ့ စက်အားလုံးကို ဖြုတ်မှာပါ။

လုံခြုံရေးကင်မရာတွေ၊ စကားပြောစက်တွေနဲ့ ရုံးအဝင်အထွက် စစ်ဆေးတဲ့စက်တွေအပါအဝင် စုစုပေါင်း ၁,၀၀၀ နီးပါးကို ဖြုတ်ပစ်ရမှာ ဖြစ်တယ်လို့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အတိုက်အခံအမတ် James Paterson ကလည်း ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အမျိုးသားလုံခြုံရေးအတွက် အကြောင်းပြပြီး မှားယွင်းတဲ့၊ တရုတ်ကုမ္ပဏီတွေအပေါ် ခွဲခြားဆက်ဆံတဲ့အနေနဲ့ သြစတြေးလျအစိုးရက အာဏာကို အလွဲသုံးစားလုပ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။

Ref: BBC

………………………………..

တိုက်ချင်းပစ်ဒုံးတွေ မြောက်ကိုရီးယားပြသ

မြောက်ကိုရီးယားနိုင်ငံမှာ စစ်တပ်ထူထောင်တဲ့ နှစ်ပတ်လည်နေ့အဖြစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ညက ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပွဲထုတ်ပြသခဲ့ပါတယ်။

အရင်ကထက် အရေအတွက် ပိုများတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို ပြသတာဖြစ်တယ်လို့ မြောက်ကိုရီးယားသတင်းဌာနတွေက ဆိုထားပါတယ်။

ပြုံယမ်းမှာ ပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားမှာ လောင်စာခဲသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ် ဖြစ်ပုံရတဲ့ ဒုံးလက်နက်သစ်တွေအပါအဝင် နျူးကလီးယားလက်နက်သစ်တွေကိုလည်း ပြသသွားတာပါ။

စစ်ရေးပြအခမ်းအနားကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ရဲ့သမီးနဲ့ အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Ref: BBC

………………………………..

မလေးရှားလေယာဉ်ကို ပစ်ချခဲ့တဲ့ ဒုံးစနစ်ကို ရုရှားသမ္မတခွင့်ပြုပေးခဲ့တယ်လို့ စုံစမ်းတွေ့ရှိ

၂ဝ၁၄ ခုနှစ်က ယူကရိန်းနိုင်ငံမှာ မလေးရှားခရီးသည်တင် MH 17 ကို ပစ်ချခဲ့တဲ့ရုရှားဒုံးစနစ်ကို အသုံးပြုဖို့အတွက် ရုရှားသမ္မတ ပူတင်က ခွင့်ပြုခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထားတွေ တွေ့ရှိထားတယ်လို့ နိုင်ငံတကာရှေ့နေတွေက ပြောကြားလိုက်ပါတယ်။

ရာဇဝတ်ကြောင်းအရ အရေးယူဖို့ ခိုင်လုံတဲ့အထောက်အထားမရှိကြောင်းနဲ့ နောက်ထပ် အရေးယူတာတွေ ဆက်မလုပ်တော့ပဲ စုံစမ်းမှုကို အဆုံးသတ်တော့မယ့်အကြောင်း တရားလိုရှေ့နေတွေက ပြောပါတယ်။

ခရီးသည် ၂၉၈ ဦး သေဆုံးခဲ့ရတဲ့ မလေးရှားလေယာဉ်ကို ပစ်ချတဲ့အထဲမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ရုရှားအစိုးရကတော့ ငြင်းပယ်ခဲ့ပါတယ်။

ပစ်ချခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ရုရှားထောက်လှမ်းရေးဟောင်း ၂ ယောက်နဲ့ ဒုံးစနစ်တွေ အသုံးပြုနိုင်အောင် အကူအညီပေးတဲ့ ယူကရိန်းခွဲထွက်ရေးခေါင်းဆောင်တဦးတို့ကို မျက်ကွယ်မှာ ပြစ်ဒဏ်စီရင်ချက် ချမှတ်ထားပါတယ်။

Ref: BBC

………………………………..

ဂရမ်မီ ဆုပေးပွဲကျင်းပ

ကမ္ဘာ့ဂီတလောကအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၆၅ ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲကို အမေရိကန်နိုင်ငံ Los Angeles မြို့မှာ ဖေဖော်ဝါရီ ၅ ရက်ညက ကျင်းပခဲ့ပါတယ်။

အဆိုပါဆုပေးပွဲမှာ အမေရိကန် Pop အဆိုတော် Beyoncé က တဦးထဲ ဆု ၄ ဆုရရှိခဲ့ပြီး ဂရမ်မီဆုအများဆုံး နဲ့ စံချိန်ချိုးလိုက်ပါတယ်။

အရင်စံချိန်ရှိခဲ့တဲ့ တဦးချင်း အများဆုံးဆု ၃၁ ကို ကျော်ပြီး Beyoncé က စုစုပေါင်း ဂရမ်မီဆု ၃၂ ခု ရရှိသူအဖြစ် စံချိန်တင်ခဲ့တာပါ။

တနှစ်တာအတွက် အရေးအကြီးဆုံးဆုလို့ ပြောလို့ရနိုင်တဲ့ အကောင်းဆုံး Album ဆုကိုတော့ ဗြိတိန် Pop အဆိုတော် Harry Style က “Harry’s House” နဲ့ ရရှိသွားခဲ့ပါတယ်။

Ref: BBC

………………………………..

နယူးဇီလန်မှာ ကိုကင်း ၃ တန်ကျော် သိမ်းဆည်းရမိ

နယူးဇီလန် အာဏာပိုင်တွေက ပင်လယ်ပြင်ထဲမှာ မျောနေတဲ့ နယူးဇီလန်ဒေါ်လာ သန်း ၅၀၀ ကျော် (အမေရိကန်ဒေါ်လာ ၃၁၈ သန်း) တန်ဖိုးရှိ လင်းနို့ပုံပါ ကိုကင်း ၃ ဒသမ ၂ တန်ကို ဆယ်ယူရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီကိုကင်းတွေဟာ သြစတြေးလျကို ပို့ဆောင်ဖို့ ယူဆရတယ်လို့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောကြားလိုက်တာပါ။

ပစိဖိတ်သမုဒ္ဒရာအလယ်က ရေပေါ် ကြားခံစခန်းတခုမှာ ဒီလောက်ပမာဏကြီးကို ကြားဖြတ်သိမ်းဆည်းရမိခဲ့တာပါ။

ဒါဟာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတခုရဲ့ ကုန်သွယ်မှုမှာ ပါဝင်နေသူတွေကို ကြီးကြီးမားမား ငွေကြေးဆိုင်ရာ ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။

ကိုကင်း ၃ ဒသမ ၂ တန်ဆိုတဲ့ ပမာဏဟာ သြစတြေးလျဈေးကွက်ကို တနှစ်စာလောက် ကိုကင်းအလုံအလောက် ဝန်ဆောင်မှုပေးလို့ရပြီး နယူးဇီလန်မှာတော့ နှစ်ပေါင်း ၃၀ ကျော်စာလောက် သုံးလို့ရမယ်လို့ ရဲအရာရှိတစ်ဦးကနေ ပြောကြားခဲ့ပါတယ်။

Ref: CNN

………………………………..

စပိန်က ရွှေ့ပြောင်းအခြေချသူ ၁၈၀ ကျော်ကို ကယ်တင်

စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေကနေ ဖေဖော်ဝါရီ ၅ ရက်နေ့ကစလို့ လှေ ၄ စင်းပေါ်က ရွှေ့ပြောင်းအခြေချသူ စုစုပေါင်း ၁၈၁ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီရွှေ့ပြောင်းအခြေချသူတွေကို ဂရန်းကာနာရီယာကျွန်းအနီးမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၎င်းတို့ထဲက ရွှေ့ပြောင်းအခြေချသူပေါင်း ၅၁ ဦးကို ကယ်ဆယ်ရေး သင်္ဘောက အာဂင်နက်ဂင်းမြို့ဆိပ်ကမ်းဆီ လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါတယ်။

နောက်ထပ် ၁၃၀ ဦးကိုတော့ လန်ဇာရိုတေး ကျွန်းပေါ်မှာရှိတဲ့ လာစီဘိုယာဆိပ်ကမ်းရှိရာကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ ကာနာရီကျွန်းတွေဆီ လှေနဲ့ ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူ စုစုပေါင်း ၅၆၆ ဦးရှိပြီလို့ ပြည်ထဲရေးဌာနကနေ ဖော်ပြထားပါတယ်။

Ref: VOA

………………………………..

မိုးပျံပူဖောင်းပစ်ချမှု တရုတ်ကန့်ကွက်

အမေရိကန် လေကြောင်းပိုင်ထဲရောက်နေတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပစ်ချလိုက်တဲ့အပေါ် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။

ဒါဟာ အမေရိကန်အစိုးရက လိုအပ်တာထက်ပိုပြီး တုန့်ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားလိုက်တာပါ။

အနာဂတ်မှာ ထိုကဲ့သို့ ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင်လည်း တရုတ်ကနေ တူညီတဲ့ တုန့်ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဌာနက ပြောပါတယ်။

အမေရိကန်တို့ စွပ်စွဲပြောဆိုနေသလို ထောက်လှမ်းရေးလုပ်တဲ့ မိုးပျံပူဖောင်းမဟုတ်ဘဲ အရပ်ဘက်သုံး မိုးလေဝသဆိုင်ရာ အချက်အလက် စုဆောင်းရေးအတွက် ဖြစ်တယ်လို့ တရုတ်အစိုးရက အစောပိုင်းက ထုတ်ပြန်ခဲ့တာပါ။

Ref: AP

………………………………..

ပြင်သစ်မှာ လယ်သမားတွေ ထွန်စက်မောင်းပြီး ဆန္ဒပြ

ပြင်သစ်နိုင်ငံက လယ်သမားတွေဟာ ဖေဖော်ဝါရီ ၈ ရက်က ရာနဲ့ချီတဲ့ ထွန်စက်တွေကို ပါရီမြို့တော်ကို မောင်းနှင်လာကြပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပိုးသတ်ဆေးကန့်သတ်ချက်တွေနဲ့ တခြားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းတွေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြကာ အဲဒီဆုံးဖြတ်ချက်တွေဟာ လယ်ယာစိုက်ပျိုးထုတ်လုပ်မှုကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

လယ်ထွန်စက်အတန်းကြီးဟာ ပါရီမြို့လယ်မှာ လှည့်လည်ခဲ့ကြပြီး ပြင်သစ်စိုက်ပျိုးရေး ဝန်ကြီးဌာနအနီးရှိ Invalides အထိမ်းအမှတ်အဆောက်အအုံနားက စုဝေးပွဲကို ဝန်းရံ ပူးပေါင်းခဲ့ပါတယ်။

ဒီဆန္ဒပြပွဲမှာ ပါရီဒေသမှ လယ်ထွန်စက် ၅၀၀ နဲ့ လယ်သမား ၂၀၀၀ ပါဝင်ဖို့ ပြင်သစ်ရဲ့ အဓိက လယ်သမားသမဂ္ဂ FNSEA နဲ့ တခြားအဖွဲ့တွေက မျှော်လင့်ထားတာပါ။

Ref: REUTERS

………………………………..

ဝေလမင်းသမီးကိတ်က ဆရာဟောင်းကို ပွေ့ဖက်နှုတ်ဆက်

ဝေလမင်းသမီးကိတ်ဟာ မင်းသားဝီလျံနဲ့အတူ ဖေဖော်ဝါရီလ ၉ ရက်နေ့က အင်္ဂလန်နိုင်ငံ ကွန်ဝေါ်လ်ကောင်တီကို အလည်အပတ်လာရောက်ခဲ့ပါတယ်။

မင်းသမီး ကိတ်က သူ့ဆရာဖြစ်ခဲ့ဖူးတဲ့ ဂျင်မ် အမ်ဘာရီကို မထင်မှတ်ဘဲ တွေ့လိုက်တဲ့အချိန်မှာ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။

မင်းသမီးက ဆရာဂျင်မ်ကို ချက်ချင်းမှတ်မိပုံရပြီး အခု ကွန်ဝေါ်လ်မှာ နေတုန်းလားလို့ မေးခဲ့တဲ့အပြင် ဆရာ ကျွန်မကို သင်ကြားပေးခဲ့တဲ့ အရာတွေကို အခု ကျွန်မရဲ့ကလေးတွေကို သင်ပေးနေပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဆရာဂျင်မ်က ပုဂ္ဂလိကကျောင်းမှာ ကိတ်နဲ့ သူ့ရဲ့အတန်းဖော်တွေကို သမိုင်းသင်ကြားပေးခဲ့တာဖြစ်ပြီး အခုတော့ ပြတိုက်မှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေပါတယ်။

Ref: BBC

………………………………..