ထိုင်းမိသားစုအသတ်ခံရမှုတွင် သံသယရှိသည်ဟုဆိုကာ မြန်မာလုပ်သားသုံးဦးကို ဝရမ်းထုတ်ရှာဖွေ

0
2510

ထိုင်းနိုင်ငံ တာခ့်ခရိုင် ဝမ်ကျောက်ဒေသ စိုက်ပျိုးရေးခြံတွင် ထိုင်းအလုပ်ရှင် မိသားစုဝင် ငါးဦးအသတ်ခံရမှုနှင့် ပက်သက်၍ သံသယရှိသည်ဟုဆိုကာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရန်လိုက်လံရှာဖွေ နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၃ လမှ ၁၀ နှစ်အထိ ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ငါးဦးသည် ဖေဖော်ဝါရီလ ၅ ရက်မှစ၍ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ရေးသားထားသည်။

ယင်းနေ့တွင်ပင် အသတ်ခံလိုက်ရခြင်းနိုင်သည်ဟု ဆွေမျိုးများက ယူဆကြကြောင်း ဖော်ပြသည်။

အဆိုပါမိသားစု၏ အလောင်းများနှင့် လက်နက်ပစ္စည်းများကို ၎င်းတို့နေထိုင်ရာ ရွာအနီးရှိ မြောင်းတစ်ခုထဲတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သေဆုံးသူများတွင် သေနတ်ဒဏ်ရာ၊ ဓါးထိုးသွင်းဒဏ်ရာများတွေ့ရှိခဲ့ရပြီး လက်နက်ပစ္စည်းများ၊ အလောင်းများနှင့် ချင်း (ဂျင်း) ထည့်သော အနက်ရောင်ပလတ်စတစ်အိတ်များကို ထိုင်းရဲတပ်ဖွဲ့များက တွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။

ချင်းစိုက်ပျိုးရေးခြံတွင် လုပ်ကိုင်ခဲ့သည် မြန်မာအလုပ်သမားများအနက် သုံးဦးမှာ အခင်းဖြစ်ပြီးနောက် ပျောက်ဆုံးနေ သဖြင့် ၎င်းတို့ကို သံသယရှိသူများအဖြစ် ရဲတပ်ဖွဲ့က ဝရမ်းထုတ်ရှာဖွေနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ဖော်ပြသည်။

စိုက်ပျိုးရေးခြံရှိ ဟင်းရွက်တင်သည့် ထရပ်ကားတစ်စီးလည်း ပျောက်ဆုံးလျက်ရာ ယင်းကားကို ခိုးယူကာ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်နိုင်ကြောင်းလည်း ဖော်ပြသည်။  

မြန်မာအလုပ်သမား သုံးဦးတို့၏ အမည်နှင့် ကိုယ်ရေးအချက်အလက်တို့ကို ထိုင်းရဲတပ်ဖွဲ့များက ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသေးပေ။

ခြံထဲတွင် ကျန်ရှိသည့် နောက်ထပ် မြန်မာအလုပ်သမားလေးဦးနှင့် သေဆုံးသူတို့၏ ဆွေမျိုးများကို ဝမ်ကျောက်ရဲစခန်းသို့ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်။

ယင်းသို့ စစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့က တွေ့ရှိချက်များကို သတင်းဌာနများသို့ ထုတ်ဖော်ပြောဆိုထားသည်။

သံသယရှိသူ မြန်မာအလုပ်သမားသုံးဦးသည် ချင်းစိုက်ပျိုးရေးခြံတွင် ၃ နှစ်ကြာ အလုပ်လုပ်ကိုင်နေခဲ့ခြင်းဖြစ်ပြီး လုပ်ခလစာ မရရှိမှုကြောင့် သတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဘက်က ကောက်ချက်ချထားသည်။  

အသတ်ခံရသော အလုပ်ရှင်မှာ ပစ်စတိုသေနတ်တစ်လက်ဖြင့် အလုပ်သမားများကို အမြဲတမ်း ခြိမ်းခြောက်နေခဲ့ပြီး ဆဲဆိုနေခဲ့ကြောင်း ဆိုသည်။

စိုက်ပျိုးရေးလုပ်ငန်းများ နည်းပါချိန်နှင့် သီးနှံရိတ်သိမ်းပြီးနောက်ပိုင်းတို့တွင်လည်း အလုပ်သမားများကို အိမ်ပြန်ခွင့် တားမြစ်ထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက်ကို အခြေခံကာ ရဲတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။

Ref: Bangkok Post, The Thaiger, Thai PBS