ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

0
4128

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ယနေ့ (ဖေဖော်ဝါရီ ၁၀) နံနက် ၃ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မိနစ် ၃၀ ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အတည်ပြုပြောဆိုသည်။

“စကစဘက်က လူထိခိုက်ကျဆုံးမှု သတင်းတော့မရဘူး။ သူတို့ အဆောက်အဦးတွေတော့ ပျက်စီးတယ်လို့တော့ ပြောသံကြားတယ်” ဟု ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ထားဝယ်-မေတ္တာ-ထီးခီးသွား ကားလမ်းဘေးတွင်တည်ရှိသည့် ပကာရီကျေးရွာမှာ ထားဝယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိသည်။

ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာတွင် မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် နံနက် ၅ နာရီခန့်အထိ ပြန်လည်ပစ်ခတ်နေသည်ကို ကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စကစဘက်က ပစ်တဲ့လက်နက်ကြီး နှစ်လုံးတော့ ရွာလယ်ဘုန်းကြီးကျောင်းရှေ့ကို လာကျတယ်၊ ရွာကလူတွေထိခိုက်မှုတော့မရှိဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

ပကာရီကျေးရွာရှိ စစ်ကောင်စီရဲကင်းစခန်းကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး စက်တင်ဘာလကလည်း ယင်းစခန်းကို ထပ်မံစီးနင်းတိုက်ခိုက်ခဲ့ဖူးသည်။

ယင်းကျေးရွာရှိ ဒေသခံများမှာ နီးစပ်ရွာဆွေမျိုးများအိမ်ကို ပြောင်းရွေ့နေထိုင်သူများရှိသလိုမိမိအိမ်မှ မထွက်ခွာလိုသည့် လူကြီးများမှာ အိမ်တွင် ဗုံးခိုကျင်းများတူးကာ တိုက်ပွဲဖြစ်ပါက ဗုံးခိုကျင်းတွင် ခိုအောင်းနေကြသည်ဟု ပကာရီကျေးရွာမှ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေလည်းပစ်တယ်၊ ရွာကအိမ်တော်တော်များများ လက်နက်ကြီးထိတယ်၊ လူတွေတော့ ဘေးကင်းတယ်။ နှစ်ခါသုံးခါလောက် ကြုံနေရတာဆိုတော့ ပကာရီကလူတွေတော်တော်များများက အိမ်အောက်မှာ ဗုံးခိုကျင်းတွေ တူးပြီးထားထားကြတယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။

ပကာရီရဲကင်းစခန်းတိုက်ခိုက်မှုတွင် ထားဝယ်ခရိုင် ပကဖတပ်ဖွဲ့များနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ကော်သူးလေအာမီ(KTLA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။