ဘုတ်ပြင်း၊ ချောင်းမွန်ရွာသားနှစ်ဦး ဖမ်းခေါ်ခံရ

0
2793

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ရွာနေ အမျိုးသားနှစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ချောင်းမွန်ရွာနေ အသက် ၅၀ ကျော်အရွယ်ရှိ ဦးထွန်းလင်းနှင့် အသက် ၄၀ ကျော်အရွယ်ရှိ ဦးစိုး (ခေါ်) ဘခက်တို့ နှစ်ဦးအား ဖေဖော်ဝါရီလ ၈ ရက်ညတွင် အမည်မသိလက်နက်ကိုင်များက နေအိမ်သို့ လာရောက်ခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးလို သတင်းလည်း တစ်စုံတစ်ရာ မရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါအမျိုးသားနှစ်ဦးသည် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ကြပြီး ၎င်းတို့ကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

ချောင်းမွန်ရွာသည် မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေတစ်ရာငါးဆယ်ကျော်ရှိသည့် ကျေးရွာဖြစ်သည်။

အဆိုပါကျေးရွာတွင် ဒေသပေါင်းစုံမှ လူများနေထိုင်နေကြကာ အများစုမှာ ယုဇနဆီအုန်းကုမ္ပဏီက ဝန်ထမ်းဟောင်းများဖြစ်ကြပြီး လက်ရှိတွင် ဥယျာဉ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေကြသည်။

ဖေဖော်ဝါရီ ၅ ရက်ညကလည်း ပြည်ကြီမဏ္ဍိုင်မြို့၊ ထင်းမယ်ရွာနေ ရဲစခန်းမှူးဟောင်းနှင့် အရပ်သားတစ်ဦး အဖမ်းခံရပြီး အရပ်သားကို ပြန်လွှတ်ပေးခဲ့ပြီး ရဲစခန်းမှူးဟောင်းမှာ အသတ်ခံခဲ့ရသည်။