ထားဝယ်သပိတ်ကော်မတီ လူထုစည်းရုံးရေး လုပ်နေစဉ် သေနတ်ပစ်‌ခြိမ်းခြောက်ခံရ

0
2601

ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ၏ စည်းရုံးရေးဆပ်ကော်မတီက ဦးဆောင်ပြီး လူထုစည်းရုံးရေး လုပ်ဆောင်နေစဉ် သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှု ဖြစ်ပေါ်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မနက်ပိုင်းက လောင်းလုံးမြို့နယ်ရှိ ဈေးတစ်ဈေးတွင် လူထုစည်းရုံးရေး လုပ်ဆောင်နေစဉ် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ လူထုစည်းရုံးရေးဆင်းတဲ့အချိန်ပေါ့။ ဆောင်းဘောက်နဲ့ သီချင်းဖွင့်ပြီး မိနစ် ၃၀ လောက်ရှိပြီ။ လက်ကမ်းစာစောင်တွေ ဝေဖို့လုပ်နေတယ်။ အဲဒီအချိန်မှာ သေနတ်သုံးချက် ပစ်ဖောက်လိုက်တယ်” ဟု ၎င်းကဆိုသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးအဖွဲ့ကဟုယူဆရသည့် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ဖောက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရသော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ လူထုစည်းရုံးရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထားဝယ်ခရိုင် ဒီမိုကရေးစီလှုပ်ရှားမှု သပိတ်ကော်မတီကို ၂၀၂၁ ခုနစ်ဖေဖော်ဝါရီလ ၇ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း အကြမ်းမဖက် လူထုလှုပ်ရှားမှုကို အစဉ်တစိုက်လုပ်ဆောင်နေသည်မှာ  ၂ နှစ်ကျော်လာပြီဖြစ်သည်။

ယင်းနှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ဖိနှိပ်မှုအမျိုးမျိုးကြားမှ ယနေ့အချိန်အထိ အကြမ်းမဖက်သပိတ်ကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။

ယနေ့ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခံရသော်လည်း အကြမ်းမဖက်လူထုလှုပ်ရှားမူကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သပိတ်ကော်မတီကဆိုသည်။