ပြည်ထောင်စုနေ့ ထားဝယ်တွင် စတိတ်ရှိုးကျင်းပမည့်အပေါ် ဒေသခံအချို့ဝေဖန်

0
2985

၇၆ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စတိတ်ရှိုးပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီ ပြန်ကြားရေးဦးစီးဌာနက ယနေ့ (ဖေဖော်ဝါရီ ၉) ထုတ်ပြန်သည်။

နာမည်ကြီးအဆိုတော် ထူးအယ်လင်းအပါအဝင် အဆိုတော်ပူစူး၊ အိမ်မက်ဆုံရာ Winner တစ်ဦးဖြစ်သူ သီရိဝင်းလှိုင်နှင့် ဒေသခံအဆိုတော်များလည်း ပါဝင်မည်ဟု ဆိုသည်။

စတိတ်ရှိုးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ညနေ ၆ နာရီမှ ၉ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ထားဝယ်တွင် ည ၁၀ နာရီမှ နံနက် ၄နာရီအထိကို ညမထွက်ရအမိန့်ထုတ်ထားသည်။

အာဏာသိမ်းပြီးကာစအချိန်မှစပြီး ယနေ့အချိန်အထိ ည ၇ နာရီနောက်ပိုင်း ထားဝယ်မြို့၏လမ်းမကြီးများ ခြောက်ကပ်နေသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်သည်။

ထားဝယ်မြို့ခံအချို့ကို မေးမြန်းချက်အရ စတိတ်ရှိုးပွဲကျင်းပမည့်အပေါ် စိတ်ဝင်စားဟန်မပြကြပေ။

“ညဆိုလမ်းမှာတွေ့တဲ့သူ သေနတ်နဲ့လျှောက်ပစ်နေပြီးတော့ အခုကျဘာလို့ စတိတ်ရှိုး ထလုပ်နေတာလဲလို့ မေးချင်တယ်” ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မြို့ပုံမှန်အခြေအနေအတိုင်းရှိနေသည်ကို ပြသလိုသဖြင့် ဒေသတွင်းပြုလုပ်‌လေ့ရှိသည့် ပျော်ပွဲရွှင်ပွဲများကို မကြာခဏကျင်းပပေးနေခြင်းသာဖြစ်ကြောင်းလည်း မြို့ခံအချို့က ဝေဖန်သည်။

“အသံတိတ်သပိတ်တုန်းက ထားဝယ်မြို့ကလူတွေ ညီညီညွတ်ညွတ်နဲ့ ပါဝင်ကြတာကို အဲဒါမဟုတ်ဘူးဆိုတာမျိုး ပြချင်လို့ တမင်ကို အဆိုတော်တွေငှားပြီး ငွေကုန်ခံပြီးလုပ်တာပဲလို့ ထင်တယ်။ ဒါပေမဲ့ သူတို့ပွဲမှာ သူတို့လူတွေက လွဲပြီး ပြည်သူတွေကတော့ သွားကြမှာ မဟုတ်ဘူး။ သွားရဲကြမှာလည်း မဟုတ်ဘူး” ဟု ထားဝယ်မြို့ခံ ဈေးသည်တစ်ဦးက ဆိုသည်။

စတိတ်ရှိုးပွဲအပြင် ဈေးရောင်းပွဲနှင့် ပြခန်းများကိုလည်း ထည့်သွင်းမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရူ နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အာဏာမသိမ်းခင်ကလည်း ပြည်ထောင်စုနေ့ကဲ့သို့သော အထိမ်းအမှတ်နေ့များတွင် စတိတ်ရှိုး၊ ဈေးရောင်းပွဲတော်ကို ရွှေဝယ်သိရီအားကစားကွင်းတွင် မကြာခဏကျင်းပလေ့ရှိသည်။

ယမန်နှစ်ကကျင်းပသည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကမူ တိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေဖြင့် အလှပြယာဉ်သုံးစီး နေပြည်တော်သို့ သွားရောက်ဖျော်ဖြေခဲ့သည်။

ယင်းအချိန်ကလည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များမှာ ဒေသခံများ၏ ဝေဖန်ခြင်းကိုခံခဲ့ရဖူးသည်။