တစ်ပတ်ရစ်ဆိုင်ကယ်ဈေးခုန်တက်

0
2988

ထားဝယ်ဒေသတွင် အချိန်ခြောက်လတာကာလအတွင်း တစ်ပတ်ရစ်ဆိုင်ကယ်ဈေးမှာ အမျိုးအစားအပေါ်မူတည်ကာ ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိဈေးတက်သွားကြောင်း ဆိုင်ကယ်အရောင်းအဝယ်လုပ်နေသူများထံမှ သိရသည်။

ယမန်နှစ် စက်တင်ဘာလက အရောင်းအဝယ်လုပ်နေသည့် ဈေးနှုန်းနှင့် ယခုနှစ် ဖေဖော်ဝါရီလပေါက်ဈေးအရ နှစ်ဆခန့်တက်သွားခြင်းဖြစ်သည်။

ထားဝယ်ဒေသတွင် လူကြိုက်များတွင် Click -125 အော်တိုဂီယာ ၂၀၁၅ ခုနှစ်ထုတ် တစ်စီးကို ယခင်က ၁၃ သိန်းကျော် ပေါက်ဈေးရှိရာမှ လက်ရှိတွင် ၁၉ သိန်းဝန်းကျင်အထိ ဈေးမြောက်နေသည်။

ထို့အတူ၂၀၁၆ ခုနှစ်ထုတ် ကလစ်တစ်စီးလျှင် ယခင်က ၁၆ သိန်းကျော် ဈေးရှိရာမှ လက်ရှိတွင်၂၃ သိန်း ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။

ထိုသို့ဈေးမြောက်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့်ဖြစ်သလို အခြားတိုင်းနှင့် ပြည်နယ်အချို့က ဝယ်ယူခြင်းကြောင့်လည်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်အရောင်းအဝယ်လုပ်နေသူ တစ်ဦးက ဆိုသည်။

“ပိုက်ဆံကလည်း သုံးလို့တောင် မရတော့ဘူး။ ငွေတန်ဖိုးလည်း မရှိတော့ဘူး။ ဒါကြောင့်ပဲ ဆိုင်ကယ်ဈေးတွေက အရမ်းတက်သွားတာ” ဟု ၎င်းက ပြောသည်။

အထက်ပါ ဆိုင်ကယ်အမျိုးအစားများအပြင် NCX ကဲ့သို့ ဆိုင်ကယ်များလည်း ဈေးတက်လာပြီး တစ်ပတ်ရစ်ဆိုင်ကယ် တစ်စီးလျှင် ပျမ်းမျှ သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိမြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့တစ်ပတ်ရစ်ဆိုင်ကယ်ဈေးတက်နေချိန်တွင် ဆိုင်ကယ်ရောင်းချသူနည်းပါးနေကြောင်း ထားဝယ်မြို့ရှိ အခြားဆိုင်ကယ်ဝယ်ရောင်းတစ်ဦးက ပြောဆိုသည်။

ဆိုင်ကယ်ဝယ်ရောင်းများမှာ ဈေးကွက်ပေါက်ဈေးထက်နည်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူလေ့ရှိပြီး အနည်းငယ် ပြုပြင်ကာ အမြတ်တင်ရောင်းချလေ့ရှိသည်။

“ကိုယ်က ငါးသိန်းလောက်မြတ်ပြီဆိုပြီး ရောင်းလိုက်တာ။ ကိုယ်ရောင်းလိုက်တဲ့ဈေးက ကိုယ်ပြန်ဝယ်ရတဲ့ ဈေးဖြစ်နေပြန်ရော” ဟု အထက်ပါ ဆိုင်ကယ်ဝယ်ရောင်းသမားက ပြောသည်။

ဆိုင်ကယ်ဝယ်ရောင်းသူများက နယ်ဒေသအထိသွားကာ ဆိုင်ကယ်သွားဝယ်လေ့ရှိပြီး မြို့ပေါ် ပေါက်ဈေးထက် ဈေးနှိမ် ဝယ်ယူလေ့ရှိသည်။