အရပ်သားကား မိုင်းဆွဲခံရမှု ရေဖြူ PDFတောင်းပန်

0
3162

ရေဖြူမြို့နယ် နှမ်းကျဲရွာနှင့်၂၇ မိုင်ကြားတွင် ဘုန်းတော်ကြီးတစ်ပါးအပါအဝင် အရပ်သားများလိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမှာ ရေဖြူ PDF ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းဝန်ခံထားပြီး ထိခိုက်သူများကို ဝန်ချတောင်းပန်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ကို ပစ်မှတ်ထားသည့် အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ရေဖြုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၆ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကလိန်အောင်မြို့မှ ရေဖြူမြို့အနီးရှိ တပ်ရင်းတစ်ခုသို့ အရပ်ဝတ်ဖြင့်ထွက်ခွာလာသော စစ်ကောင်စီတပ်အပြန်ကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လမ်းတွင်ဆီးကြိုမိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်မည့်နေရာအရောက် စစ်ကောင်စီတပ်ကား နှစ်စီးကြားသို့ အရပ်သားကားတစ်စီးဝင်လာသည်ကို သတိမထားမိဘဲ မိုင်းဆွဲမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဝန်ခံထားသည်။

မိုင်းဆွဲပြီးမှ အရပ်သားကားမှန်း သိရှိခဲ့သော်လည်း ကူညီပေးနိုင်ခြင်းမရှိခဲ့ဘဲ နီးစပ်ရာဆေးရုံနှင့် ပရဟိတ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တို့ထံ အကြောင်းကြားပေးပြီး ဆုတ်ခွာခဲ့ရကြောင်း ဆိုထားသည်။

မိုင်းဆွဲခံရသည့် ကားပေါ်တွင် ရာဖူးရွာသစ်‌ကျောင်းဆရာတော်တစ်ပါး အပါအဝင် အရပ်သား ၈ ဦး လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

မိုင်းဆွဲခံရသဖြင့် ဆရာတော်ပျံလွန်တော်မူပြီး ကားနောက်ခန်းတွင်လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့သည်။ ကျန် ခြောက်ဦးလည်း ဒဏ်ရာအသီးသီးရရှိခဲ့သည်။

ယင်းဖြစ်စဉ်တွင် ထိခိုက်သူများကို ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPPDF) က ဝန်ချတောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ထပ် ယင်းသို့ဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ကတိပြုကြောင်းလည်း ပါရှိသည်။