မလွဲတောင်စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးထပ်မံဖမ်းမိဟုဆို

0
3053

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ် မလွဲတောင်စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၇ ရက်က မူးယစ်ဆေး ထပ်မံ ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်သည်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ မလွဲတောင်ပူး‌ပေါင်းစစ်ဆေးရေးဂိတ်တွင် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့လာသည့် ခရီးသည်တင်ကားတစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

ကားပေါ် လိုက်ပါလာသည် အသက် ၃၀ အရွယ်ရှိ ခရီးသည် ကိုမင်းဇော်ဆိုသူ၏ ကျောပိုးအိတ်အတွင်းမှ အိုက်စ် မူးယစ်ဆေး အလေးချိန် ၂ ကီလို ခန့်မှန်းကာလပေါက်ဈေး ငွေကျပ် သိန်း ၅၄၀ ခန့်တန်ဖိုးဖမ်းမိကြောင်း ဖော်ပြသည်။  

ဖေဖော်ဝါရီ ၃ ရက်ကလည်း အဆိုပါစစ်ဆေးရေးဂိတ်၌ ခရီးသည်ကားအား စစ်ဆေးရာ ဦးထွန်းရွှေမြင့်ဆိုသူနှင့် ဆက်စပ်သူတစ်ဦးထံတွင် အိုက်စ် ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၂၈၇ တန်ဖိုး ဖမ်းမိခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူဇန်နဝါရီလ နောက်ဆုံးပတ်ကလည်း ထားဝယ်နှင့် မြိတ်တွင် ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၀၀၀ ကျပ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သေးသည်ဟု ဆိုသည်။

ထို့ကြောင့် ဇန်နဝါရီလ ၂၇ရက်မှ ဖေဖော်ဝါရီလ ၇ရက်အထိ ၁၂ ရက်အတွင်း တိုင်းထဲတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးမှာ ကာလတန်ဖိုးအားဖြင့် ငွေကျပ်သိန်းပေါင်း ၈၂၈၇ အထိရှိကြောင်း အထက်ပါအဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကိုလည်း ဆက်လက်ဖော်ထုတ်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။