ပလမြို့အနီး တိုက်ပွဲဆက်ဖြစ်ပြီး နေအိမ်အချို့မီးလောင်နေ

0
3050

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံများထံမှသိရသည်။

ပလမြို့အနီး တိုရွာနှင့် မြဒေါင်ရွာတို့တွင် ယနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

“တိုမှာလည်း (မီး) လာင်တယ်။ မဒေါင်မှာလည်းလောင်တယ်။ ဘယ်နှစ်ဆောင်လောင်ပြီး ဘယ်သူ့အိမ်တွေပါတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

နှစ်ဖက်ပစ်ခတ်သံ၊ လက်နက်ကြီးပစ်သံများကို ညနေ ၅ နာရီကျော်သည်အထိ ကြားနေရသေးကြောင်း ဒေသခံတို့က ဆိုသည်။

ယနေ့တိုက်ပွဲအတွင်း တိုနှင့်မြဒေါင်ရွာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သတင်းထွက်ပေါ်နေကြောင်း ဒေသခံများကပြောသည်။

“လှေနဲ့ဖြတ်ကူးပြီး ချောင်းတဖက်ကို ဝင်ကပ်ချိန် အပစ်ခံရတယ်လို့ကြားရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောဆိုသည်။

မနေ့ကလည်း ပလမြို့တိုရွာအနီး တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်သားငါးဦးသေဆုံးခဲ့သည်ဟု ကြားရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်ကောင်စီတပ်က ပုလောနှင့် တနင်္သာရီမြို့နယ်အား စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နေ့နှင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ပလမြို့အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်လာနေခြင်းဖြစ်သည်။