ဂျင်း (သွေးဂုံး) သားပေါက်တစ်ခြင်းလျှင် ကျပ်လေးသိန်းကျော်အထိဈေးပေါက်

0
2717

ကျွန်းစုမြို့နယ်တွင် ဂျင်း (သွေးဂုံး) သားပေါက်တစ်ခြင်းလျှင် ကျပ်လေးသိန်းကျော်အထိ ဈေးပေါက်နေကြောင်း ဂျင်းမွေးသူတို့ထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းက ဂျင်းသားပေါက်တစ်ခြင်းလျှင် ကျပ်နှစ်သိန်းနီးပါးအထိသာ ဈေးရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယခုနှစ်တွင် ဂျင်းသားပေါက် အထွက်နည်းသဖြင့် ဈေးတက်သွားခြင်းဖြစ်ကြောင်း ဂျင်းမွေးမြူရေးလုပ်ကိုင်နေသူ အချို့က ဆိုသည်။

“ဂျင်းသားပေါက် အထွက်နည်းလို့ မနည်းလိုက်ဝယ်ရတာ။ ရွာက‌ မွေးကန်အတွက် လိုသလောက်မရဘူး။ ကီလို တစ်ထောင်မှာထားတာ တစ်ရာကျော်ပဲရတာ။ ဂျင်းမထွက်တော့ ဈေးကြီးပေးဝယ်ရတာပေါ့” ဟု စခန်းသစ်ကျေးရွာ အုပ်စုရှိ ကျေးရွာတစ်ရွာမှ ရွာပိုင်ဂျင်းမွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

နှစ်ဆယ့်ငါးကီလိုကျော်အထိ ပါရှိသည့် ဝါးလတ်ခြင်း တစ်ခြင်းလျှင် ကျပ်လေးသိန်းငါး‌သောင်းကျော် ဈေးရှိသဖြင့် တစ်ကီလိုလျှင် နှစ်သောင်းကျပ်နီးပါးအထိ ပေးဝယ်နေရခြင်းဖြစ်သည်။

ဂျင်းသားပေါက်တို့သည် ရေကန်တောင်ကျေးရွာတွင်သာ ထွက်ရှိလေ့ရှိပြီး တစ်ခြင်းလျှင် ရွာကန့်သတ်ဈေး ကျပ်နှစ်သိန်းကျော်သာရှိပြီး ဂျင်းသားပေါက်အရနည်းသဖြင့် တစ်ဆင့်ခံရောင်းချသူတို့က လေးသိန်းကျော်ဖြင့် ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း ရေကန်တောင်ကျေးရွာနေသူအချို့က ပြောဆိုသည်။

“ရွာကသတ်မှတ်ဈေး နှစ်သိန်းကျော်ကျော်ပဲရှိတယ်။ ဈေးနည်းတယ်။ ဝယ်တဲ့သူက တစ်ဆင့်ခံပြန်ရောင်းကြလို့ ပြင်ပပေါက်ဈေးက လေးသိန်းကျော်၊ ငါးသိန်းနီးပါးအထိတောင် ဖြစ်သွားတာ” ဟု ရေကန်တောင်ကျေးရွာရှိ ဂျင်းမွေးရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ယင်းရွာသို့ တိုက်ရိုက်ဝယ်လျှင် စောင့်ဆိုင်းရခြင်း၊ လိုသလောက် မရခြင်းတို့ကြောင့် တစ်ဆင့်ခံရောင်းချသူများထံမှ ဝယ်ယူကြရကြောင်း ဂျင်းမွေးသူများထံမှ သိရသည်။

ဂျင်းသားပေါက်မှာ ပြီးခဲ့သည့်နှစ်များ၏ ဆယ်ပုံ တစ်ပုံနှုန်းသာ ရရှိတော့ကြောင်း ရေကန်တောင်ရွာနေသူအချို့က ပြောပြသည်။

“တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ယုံတောင်မယုံနိုင်ဘူး။ ဘာကြောင့်အရနည်းသွားသလိုဆိုတာ လောလောဆယ် မသိရ သေးဘူး။ ကျေးရွာတာဝန်ရှိသူတွေ စုံစမ်းနေကြတုန်းပဲရှိသေးတယ်” ဟု ရေကန်တောင်ရွာနေသူတစ်ဦးက ဆိုသည်။

ဂျင်းသားပေါက်ကို ဈေးကြီးပေးဝယ်ရသော်လည်း လိုသလောက်မရကြသဖြင့် ဂျင်းမွေးမြူရေးလုပ်ငန်းတွင် အခက်ကြုံ နေရသည်။

“ကျေးရွာပိုင်အဖြစ် ဒီနှစ်မှ စ‌မွေးတာ။ ကန်‌တွေလုပ်ထားပြီးပြီ။ ဂျင်းသားပေါက်မရလို့ မမွေးရသေးဘူး” ဟု မစမ်းပါး ကျေးရွာအနီး ရွာပိုင်ဂျင်းမွေးကန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ကျော်အနက် နုန်းမြေကောင်းသည့် ရွာအများစုတွင် စီးပွားဖြစ်ဂျင်းမွေးခြင်း၊ ကျေးရွာပိုင်အဖြစ် မွေးမြူခြင်း လုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်လာကြသည်။

ရေကန်တောင်၊ ရေအေး၊ ကဒဲကတော့၊ ပန်းဇင်၊ မစမ်းပါး စသည့် ကျေးရွာအုပ်စုများတွင် ဂျင်းမွေးမြူရေးလုပ်ကိုင် နေကြသည်။

“ဂျင်းတွေ တအားမွေးနေကြတာ။ ရွာကနေ မြိတ်တက်လာတာ ဂျင်းမွေးကန်တွေ မမြင်ချင်လို့တောင် မရဘူး” ပန်းဇင်ကျေးရွာနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ဂျင်းကောက်ယူသည့်အချိန်တွင် ဂျင်းကောက်ခအဖြစ် တစ်နေ့လျှင် လူတစ်ဦး တစ်သောင်းကျပ်မှ နှစ်သောင်းကျပ်အထိ ရရှိလေ့ရှိကြောင်း ကျွန်းစုမြို့နယ်နေသူအချို့ထံမှ သိရသည်။

အဆိုပါ ဂျင်းတို့အား မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြကြောင်း မြိတ်မြို့ရှိ ရေထွက်ကုန် အဝယ်ဒိုင်တို့ထံမှ သိရသည်။