ဘန်ကောက် ညဈေးတန်းတွင် ဈေးရောင်းနေသော မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

0
2827

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ နာမည်ကြီးညဈေးတန်းဖြစ်သော ခေါက်စန်လမ်းတွင် တရားမဝင်ဈေးရောင်းချနေ သော မြန်မာအလုပ်သမား ၁၁ဦး ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာများသည် roti နှင့် kebab စသော မုန့်များကို ရောင်းချနေကြခြင်းဖြစ်သည်။

တရားမဝင် ဈေးရောင်းနေသည်ဆိုသည့် တိုင်ကြားချက်များ ရရှိခဲ့ပြီးနောက် ထိုင်းလဝကရဲအရာရှိများသည် ခရီးသွားများပုံစံဖြင့် ဈေးဝယ်သကဲ့သို့ ဟန်ဆောင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားများကို စစ်ဆေးရာ မြန်မာဈေးသည်အချို့မှာ ဈေးလှည်းကိုထားကာ ထွက်ပြေးကြသဖြင့် ၁၁ ဦးကိုသာ ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၁၁ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ မပြသနိုင်ကြကြောင်း ဆက်လက်ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် ဈေးရောင်းချခွင့်မှာ ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိပြီး မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများတို့မှာ ရောင်းချခြင်းကို လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားသည်။

ထို့ကြောင့် ကန့်သတ်တားမြစ်ထားသည့် အလုပ်ကို လုပ်ကိုင်နေမှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူမည်ဖြစ်သဖြင့် အဆိုပါမြန်မာများကို ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်ဆီးခံရသော မြန်မာအလုပ်သမားများတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင်လည်း ဖေဖော်ဝါရီလ ၇ ရက်က တရားမဝင်ဈေးရောင်းချနေသော မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိကြောင်း ချင်းမိုင်လဝကရုံးက ထုတ်ပြန်ထားသည်။

Ref: Khaosod Online, Matichon Online