ဖမ်းဆီးခံရသည့် ပြည်ကြီးမဏ္ဍိုင် ရဲစခန်းမှူးဟောင်း အလောင်းသာပြန်တွေ့

0
2942

ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့မ ရဲစခန်းမှူးဟောင်းကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂ ရက်အကြာတွင် အလောင်းသာပြန်တွေ့ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မ ရဲစခန်းမှူးဟောင်းဖြစ်သူ ဦးမောင်မောင်ကို လက်နက်ကိုင်လူတစ်စုက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ၎င်းနေထိုင်သည့် ထင်းမယ်ရွာ၌ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက်တွင် ရုပ်အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

“မနေ့မနက်က ဆေးရုံရောက်လာတယ်။ နေ့လယ်ပိုင်းမှာ နေ့ချင်းပြီး မဏ္ဍိုင်သင်္ချိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်”ဟု ဘုတ်ပြင်းဒေသခံအမျိုးသား ကပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်တွင် ထင်းမယ်ရွာ အရှေ့ဖက် သရော်တောင်ရှိ ဦးမောင်မောင် ယောက္ခမဖြစ်သူ၏ ခြံအနီးတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံများကပြောသည်။

“ဦးနှောက်(ခေါင်း)မှာ သေနတ်ဒဏ်ရာရပြီး သေနေတယ်လို့ကြားရတယ်။ ဘယ်နှစ်ချက် အပစ်ခံရတယ်ဆိုတာတော့ သေချာမသိရဘူး”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။

ဦးမောင်မောင်သည် စခန်းမှူးအဖြစ် အငြိမ်းစားယူပြီးနောက် ချောင်းကဖက် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသည်ဟု ဒေသခံများကပြောသည်။

၎င်းကို မည်သည့်အဖွဲ့က မည်သည်အကြောင်းကြောင့် ဖမ်းဆီး၍သတ်ခဲ့သည်ကိုတော့ မသိရသေးပေ။

ဦးမောင်မောင်နှင့်အတူ အမျိုးသားတစ်ဦးလည်း အဖမ်းခံရပြီး နောက်တစ်နေ့တွင် ပြန်လွတ်လာသည်ဟု ဒေသခံများ ကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာတွင် နေထိုင်သည့် ပျူစောထီးဒုခေါင်းဆောင်မှာလည်း နေအိမ်တွင် ပစ်သတ်ခံခဲ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက ကော့သောင်းခရိုင်အတွင်း ယခုလမှစပြီး စစ်ရေးအရှိန်မြှင့်မည်ဟု ထုတ်ပြန်ထားပြီး စစ်ကောက်စီဒေါက်တိုင်များ နုတ်ထွက်ပေးရန်လည်း တောင်းဆိုထားသည်။