ထိုင်းရောက်အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေ

0
2691

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် ရောက်ရှိနေသာ အသက် ၅၆ နှစ်ရွယ် မြန်မာအမျိုးသားတစ်ဦးမှာ မြန်မာနိုင်ငံပြန်ခွင့်မရသဖြင့် ကြိုးဆွဲချ သတ်သေခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

မြန်မာနိုင်ငံသား စောအောင်ထွန်းသိန်းမှာ ၎င်းနေထိုင်ရာ တိုက်ခန်းဝရံတာတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ကြိုးဆွဲချကာ သတ်သေခဲ့ခြင်းဖြစ်သည်။

၎င်းမှာ သမီးဖြစ်သူနှင့်အတူ စမွတ်ပရကန်ခရိုင် ဘန်ဖလိဒေသ တိုက်ခန်းတစ်ခုကို ငှားရမ်းနေထိုင်နေခြင်းဖြစ်ပြီး သမီးဖြစ်သူ အလုပ်မှပြန်လာချိန် ည ၈ နာရီခွဲခန့်တွင် ကြိုးဆွဲချ သေဆုံးလျက်ရှိနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စောအောင်ထွန်းသိန်းမှာ အေးဆေးတည်ငြိမ်သူဖြစ်ပြီး လအတော်ကြာ အလုပ်လက်မဲ့ဖြစ်နေခဲ့ကြောင်း သိရသည်။

၎င်းမှာ အခန်းအပြင်ဘက် ဝရံတာပေါ်မှ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ကြမ်းပြင်ပေါ်တွင် ခြေထောက်နှစ်ဖက် ဒူးကွေးထားကာ လက်နှစ်ဖက်စလုံးကိုလည်း ကြိုးဖြင့် ချည်ထားကြောင်း၊ ပြင်ပဒဏ်ရာရရှိထားခြင်းမျိုး မတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ တွေ့ရှိချက်တွင် ဖော်ပြထားသည်။ 

ဖခင်ဖြစ်သူမှာ မြန်မာနိုင်ငံသို့ ပြန်ချင်နေသော်လည်း ကလေးအားလုံးက ထိုင်းတွင် အလုပ်လုပ်နေကြသဖြင့် ပြန်ခွင့်မပေးခဲ့ကြောင်း၊ ဖခင်ဖြစ်သူသည် အလုပ်လက်မဲ့ဖြစ်နေသည်မှာလည်း ကြာပြီဖြစ်သဖြင့် စိတ်ဓာတ်ကျနေသည်ဟုလည်း ယူဆရကြောင်း သမီးဖြစ်သူကဆိုသည်။

သေဆုံးရသည့်အကြောင်းရင်းကို ရင်ခွဲစစ်ဆေးနိုင်ရန်အတွက် အလောင်းကို ဒေသဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ပြီး CCTV မှတ်တမ်းများအရ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

 Ref: Bangkok Post, 77kaoded