တောင်ပိုင်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့၏ အက်ကြောင်း ခဲခြစ်

0
3610

ဇာတ်ရှိန်အမြင့်ဆုံးအချိန်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ထားဝယ်-ထီးခီးလမ်း တိုက်ပွဲဖြစ်သည်။ ထိုင်းနိုင်ငံ ကန်ချနဘူရီ နှင့် ထားဝယ်ဒေသကို ဆက်သွယ်ထားရာ ယင်းလမ်းပိုင်း ဝါးတောကျေးရွာအနီး ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားပြီး ကော်သူးလေတပ်သား တစ်ဦး ကျဆုံးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုမှာ အမြင့်ဆုံးအဆင့်တွင် ရှိနေသည်။

အဆိုပါနှစ်ဖွဲ့ကြား ပြဿနာမှာ တငွေ့ငွေ့ဖြင့် ကာလကြာရှည် အတွင်းလှိုက်လောင်မြိုက်နေရာမှ ယခုအခါ လူသိထင်ရှား ဖြစ်လာခဲ့သည်။  စစ်အာဏာရှင်ကို တော်လှန်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) အသီးသီးကလည်း ကရင် နှစ်ဖက်တပ် နယ်မြေများအကြားတွင် ရှိနေကြသည်။

တောင်ပိုင်းရှိ ကရင်တပ်နှစ်ဖွဲ့ လာရာနှင့် လက်ရှိ ပဋိပက္ခကို ဒေသတွင်း ကရင့်ရေးရာ လေ့လာသူများ၊ ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မေးမြန်းကာ ကောက်ကြောင်းခြစ်ထားပါသည်။

ကော်သူးလေ၏ တနင်္သာရီဆာကဆော စစ်ဌာန

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ၏ စစ်ဉီးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တာဝန်မှ ရပ်စဲခံလိုက်ရပြီးနောက် ကော်သူးလေတပ်မတော် ပေါ်ပေါက်လာသည်။

၂၀၂၁ ခုနှစ်အတွင်းက ကရင်ပြည်နယ် ဝေါလေဒေသတွင် ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် စောနယ်ဒါးမြမှာ KNU မှ ထုတ်ပယ်ခံလိုက်ရသည်။ ထိုသို့ ထုတ်ပယ်ခံလိုက်ရသည့် ဗိုလ်ချုပ်စောနယ်ဒါးမြက လပိုင်းအကြာတွင် ကော်သူးလေတပ်မတော်ကို ထပ်မံဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းခြင်းကို KNU ကလည်း အကြီးအကျယ် ကန့်ကွက်ခဲ့သည်။

ကော်သူးလေတပ်မတော်၏ တနင်္သာရီတိုင်းစစ်ဌာနကို တနင်္သာရီဆာကဆောတိုင်းစစ်ဌာနချုပ် အမည်ဖြင့် ဖွဲ့စည်းထားသည်။ ဆာကဆောစစ်ဌာနချုပ် ခေါင်းဆောင်မှာ ဗိုလ်အယ်ကွီးဖြစ်သည်။ သူသည် တချိန်က KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ ဗိုလ်အယ်ကွီးကို ဗိုလ်ကော်လာဖိုး အဖြစ် ထားဝယ်ဒေသတွင် လူသိများသည်။

ကော်သူးလေတပ်မတော် (တနင်္သာရီတိုင်း)

သူသည် KNU တပ်မဟာ ၄၊ တပ်ရင်း-၁၀ တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ဗိုလ်ကော်လဖိုး ကိုယ်တိုင်ပြောဆိုထားသည့် ရုပ်သံမှတ်တမ်းတစ်ခုအရ သိရသည်။

သို့ရာတွင် အခြေအနေအကြောင်းကြောင်းကြောင့် KNU တပ်ဖွဲ့မှထုတ်ပယ်ခံရပြီးနောက် နောက်လိုက်တပည့်အချို့နှင့် သီးခြား အဖွဲ့ထောင်ကာ ထားဝယ်အရှေ့တောဒေသတွင်ပင် လှုပ်ရှားခဲ့သည်။

ထိုနောက် ၂၀၀၀ ပြည့်နှစ်လွန်ဝန်းကျင်တွင် စစ်အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ထားဝယ်မြို့ရှိ အခွန်လွတ်ဈေးအနီးတွင် လပေါင်းများစွာ နေထိုင်လာခဲ့သည်။

ယင်းသို့ နေထိုင်လာရာမှ အချိန်ကာလ တစ်ရပ်အထိ ဗိုလ်ကော်လာဖိုးမှာ လူမြင်ကွင်းမှပျောက်သွားခဲ့သည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် ဗိုလ်ကော်လဖိုး မှာ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO Special) တပ်ရင်းမှူးအဖြစ်ပြန်ပေါ်လာပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။ ထိုနောက် ၂၀၂၂ ပြည့်နှစ် ဇန်နဝါရီလတွင် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်အဖြစ် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်ဖွဲ့ထားသလို တိုင်းအတွင်းရှိ အခြားတော်လှန်ရေးအဖွဲ့များ နှင့်လည်း လက်တွဲကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဗိုလ်ချုပ်စောနယ်ဒါးမြ၏ ကော်သူးလေတပ်မတော်ပေါ်လာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ ဗိုလ်ကော်လဖိုးသည်  ကော်သူးလေ တပ်မတော် တနင်္သာရီဆာကဆော တိုင်းစစ်ဌာနချုပ်၏ ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။

KNU နှင့် ကော်သူးလေ

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အရှေ့တောနယ်တစ်ကြောနှင့် တနင်္သာရီတိုင်း အရှေ့တောင်ပိုင်းဒေသတစ်ခွင်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် KNU ကနယ်မြေစိုးမိုးထားသည်မှာ ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်သည်။

တနင်္သာရီတိုင်းမြောက်ဘက်မှ ထားဝယ်-ထီးခီးဒေသ၊ ယင်း မြိတ်ခရိုင်အထိ ကျေးရွာအများစုကို နယ်မြေစိုးမိုးထားခဲ့သည်။

KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ တွင် KNLA တပ်ရင်းနှင့် KNDO တပ်ရင်း စုစုပေါင်း ၅ ခုဖြင့် ဖွဲ့စည်းထားသည်။ တပ်ရင်း ၁၀၊ တပ်ရင်း ၁၁၊ တပ်ရင်း ၁၂၊ တပ်ရင်း ၇ နှင့် တပ်ရင်း ၂၀၃ တို့ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းချိန်တွင် တက်ကြွလှုပ်ရှားသူများမှာ KNU စိုးမိုးနယ်မြေများသို့ ထွက်ပြေးခိုလှုံကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်က ဝန်းရံနေသည့် KNUတပ်မဟာ၄ တပ်ဖွဲ့ဝင်များ

လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်တွင်လည်း အခြေချစခန်းနှင့် အခြားအကူအညီ အချို့ပေးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်သားအချို့က ပြောဆိုသည်။ သို့သော် KNU တပ်မဟာ (၄) သည် အခြားတိုင်းနှင့်ပြည်နယ်ရှိ KNU တပ်မဟာများကဲ့သို့ စစ်ကောင်စီနှင့် ထိပ်တိုက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း မရှိပေ။

ထို့အပြင် လက်ရှိစစ်ကောင်စီကို တော်လှန်နေကြသည့် အချို့သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှာ KNU တပ်မဟာ ၄ နယ်မြေတွင်တွင်ရှိနေသလို KNU နှင့် မကြေမလည်ဖြစ်နေသည့် ကော်သူးလေတပ်မတော် နယ်မြေတွင်လည်း အခြေစိုက်လျက်ရှိသည်။

ဇာတ်ရှိန်မြင့်လာခြင်း

ထားဝယ် အရှေ့တောနယ် အခြေစိုက် KNU တပ်မဟာ ၄ လက်အောက်ရှိ တပ်ရင်း ၁၀ နှင့် ကော်သူးလေ တနင်္သာရီ ဆာကဆော စစ်တိုင်းတို့ မကြေလည်မှုများ ရှိသည်။ သို့သော် KNU နှင့် ကော်သူးလေတပ်မတော်တို့သည် ယခုနှစ် ဇန်နဝါရီလကုန်ရက်တွင် ကြေညာချက်များ နှစ်ဘက်အပြန်အလှန်ထုတ်ပြန်ကြပြီးနောက် လူသိရှင်ကြား ဖြစ်လာသည်။

ကော်သူလေးတပ်မတော်က ၎င်းတို့၏ အုပ်ချုပ်ရေးအပိုင်းတွင် ဝင်ရောက် စွက်ဖက်ပြီး အနှောင့်အယှက်ဖြစ်နေကြောင်း KNU ၏ ဇန်နဝါရီ ၃၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကော်သူးလေတပ်မတော်ကလည်း KNU ၏ အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်သည့် အပြုအမူများလုပ်ဆောင်ခြင်းမရှိဘဲ  စစ်ကောင်စီတပ်က ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မည့်အရေး ဟန့်တားခြင်းသာဖြစ်ကြောင်း ယင်းနေ့တွင်ပင် ထုတ်ပြန်သော ကော်သူးလေ တပ်မတော်၏ ထုတ်ပြန်ချက်တွင် တုန့်ပြန်ထားသည်။

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ဆန့်ကျင်ပုန်ကန်သူများအဖြစ် သတ်မှတ်မည့် အရေးမှ မလိုလားသဖြင့် ဗိုလ်အယ်ခွီး ဦးဆောင်မှုအောက်မှ ထွက်ခွာသွားရန် KNU က ထိုထုတ်ပြန်ချက်တွင် အသိပေးထားသည်။ တစ်ဘက်တွင် စစ်ကောင်စီကို သစ္စာခံပူးပေါင်းနေသည့် အဖွဲ့များနှင့် မပူးပေါင်းဘဲ ၎င်းတို့နှင့် ပူးပေါင်းကြရန်  ကော်သူလေးတပ်မတော်ကလည်း ထုတ်ပြန်ခဲ့သည်။ သို့သော် စစ်ကောင်စီကို သစ္စာခံ ပူးပေါင်းနေသည်ဆိုသော မည်သည့် အဖွဲ့ကို ဆိုလိုသည်ကို ဖော်ပြထားခြင်း မရှိပေ။

KNLA တပ်မဟာ ၄ စစ်ရုံးကမူ ကော်သူးလေတပ်မတော်ကို ရန်သူဟု မသတ်မှတ်ဘဲ နယ်မြေစိုးမိုးရေးကို ထိန်းသိမ်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် အခြားတစ်ခုဖြစ်သော The Tanintharyi Times သို့ ပြောဆိုထားသည်။ မည်သို့သော နယ်မြေစိုးမိုးရေး ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

သို့သော် ကော်သူးလေနှင့် PDF ပူးပေါင်း တပ်အချို့သည် KNLA/KNU တပ်ရင်း ၁၀ စိုးမိုးရာ ထားဝယ်-ထီးခီး လမ်းပိုင်း အချို့နေရာများတွင် ယမန်နှစ် အစောပိုင်းမှ စတင်၍ ခြေကုပ်ယူလာကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အချို့ထံမှ သိရသည်။ ထားဝယ်-ထီးခီး ခရီးသည်တင်ယာဉ် များသည် ထီးခီးနယ် ဝါးတောကျေးရွာအနီးရှိ ကော်သူးလေတပ် ရွေ့လျားစစ်ဆေးရေးဂိတ်တွင် သွားရောက် အစစ်ဆေးခံရကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ထီးခီးနယ်စပ်သို့ ထားဝယ်မှ သွားရောက်ခဲ့သည့် ထားဝယ်ဒေသခံ တစ်ဦးက အတည်ပြုပြောဆိုသည်။

ကောသူးလေနှင့် PDF ပူးပေါင်းတပ်များသည် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ရွေ့လျားစနစ်ဖြင့် မော်တော်ယာဉ်များကို စစ်ဆေးလေ့ရှိကြောင်း ထားဝယ်အရှေ့တောနယ်မှ သတင်းအရင်း အမြစ်များထံမှ သိရသည်။

ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းရှိ ထီးခီးနယ် ဝါးတောကျေးရွာသည် KNU တပ်မဟာ ၄ ဌာနချုပ် အခြေစိုက်ရာလည်း ဖြစ်ပြီး ယင်းအနီးတွင် စစ်ကောင်စီ တပ်စခန်းလည်း တည်ရှိသည်။

ယင်းအပြင် ပြီးခဲ့သည့်နှစ်က KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်ကောင်စီတပ်မှူးအချို့ ထီးခီးနယ်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးမှ ပြန်လာချိန် ထီးခီးနှင့် မိုင်အနည်းငယ်ကွာသော ထီးထာရွာလမ်းဆုံအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်ရပ်ကလည်း KNU နှင့် ကော်သူးလေတပ်တို့အကြား အက်ကြောင်းပိုကြီးစေသည်ဟု နှစ်ဖွဲ့စလုံးနှင့် နီးစပ်သူ ထီးခီးဒေသခံတစ်ဦးက ဆိုသည်။

ထို မိုင်းဆွဲတိုက်ခိုက်ခြင်းကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။ ထီးခီး-ထားဝယ်လမ်းတွင် စစ်ကောင်စီ တပ်ဖွဲ့တို့မှာ PDF ပူးပေါင်းအဖွဲ့တို့၏ မိုင်းဆွဲ တိုက်ခိုက်ခံရမှု မကြာခဏ ကြုံရလေ့ရှိသည်။

အသီးသီးသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှာ ကော်သူးလေတပ်မတော်၊ KNU တို့နှင့် မတူကွဲပြားသော ပုံစံအဖုံဖုံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အချို့ PDF များမှာ ကော်သူးလေနှင့် ပူးပေါင်းဆောင်ရွက်ပြီး အချို့သော PDF များမှာ KNU တပ်မဟာ ၄ နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသည်။

အချို့သော PDF တို့မှာ စစ်ရေး၊ နိုင်ငံရေး တို့ အပေါ် မူတည်၍ နှစ်ဖက်စလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိသည်။ လက်ရှိတွင်မူ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ပဋိပက္ခ ဖြစ်လာပါက မည်သည့် ဘက်ကမျှ ဝင်မတိုက်ရန် PDF တို့အကြား ဆွေးနွေးမှု ရှိသည်ဟုဆိုသည်။

ယခုအချိန်တွင်တော့ ဖေဖော်ဝါရီလ အတွင်း ပစ်ခတ်မှု အပြီး နှစ်ဖက် အသင့်အနေအထားတွင် ရှိနေသည်။

စစ်အာဏာရှင် စနစ်ကို တော်လှန်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသော KNU တပ်မဟာ ၄ နှင့် ကော်သူးလေတို့အကြား အက်ကြောင်းပိုထင်ရှားလာသည်နှင့် အမျှ လက်ရှိ စစ်ရေးတင်းမာမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တနင်္သာရီတိုင်းအတွင်းနေ ကရင်ပြည်သူများက တောင်းဆိုထားသည်။

ကရင်တော်လှန်ရေးအဖွဲ့အချင်းချင်း ပဋိပက္ခဖြစ်ပါက စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ကောင်းကျိုးမရှိသည့် သက်ရောက်မှုသာ ဖြစ်လာနိုင်ပြီး ကရင်လူထုအပေါ်တွင်လည်း ကြီးမားသည့်ဆိုးကျိုးသာ ဖြစ်စေနိုင်ကြောင်း ကရင်ပြည်သူများက ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူများ၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ နော်ထီးခူက ယခုကဲ့သို့ ပြောဆိုသည်။

“ပစ်ခတ်မှုဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကလည်း အသင့်အနေအထားမှာရှိကြတယ်။ တချို့ကလည်း သတင်းအမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်တယ်ပေါ့နော်။ ပိုပြီးတော့ ပဋိပက္ခကြီးမားလာအောင် လုပ်တာဖြစ်တဲ့အတွက် ထောင်ချောက်တွေထဲကို မကျသွားဖို့အတွက် အရေးကြီးတယ်”