သရက်ချောင်း၊ ကတွဲရွာက အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး နှစ်ရက်ကြာအထိ သတင်းမရ

0
3232

သရက်ချောင်းမြို့နယ်၊ ကတွဲရွာက အမျိုးသားတစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ရက်ကြာသည်အထိ သတင်းမရကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၃၀ ကျော်အရွယ် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ဆိုသူမှာ ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီခန့်တွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

၎င်းသည် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြစ်ကြောင်း ကတွဲကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ကိုအာကာကို ပရိုဘောက်ကားဖြင့် ရောက်လာသည့် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိလူတစ်စုက ညနေစာထမင်းစားနေချိန် ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သတ်မှန်း မသတ်မှန်းတော့ မသိဘူး။ ဖမ်းခေါ်သွားတာတော့ သိတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

အဆိုပါအမျိုးသားသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် လုပ်ကိုင်ဖူးသူဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သို့သော် ကိုအာကာကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးပေ။