ထိုင်းတွင် NGO အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သားထံမှ ငွေလိမ်မှုများရှိလာ

0
3152

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် NGO တွင် လုပ်အားခကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ မြန်မာ အလုပ်သမားများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

ထိုင်းရောက်မြန်မာများစွာ ရှိနေသည့် All About Bangkok Facebook Group ထဲတွင် Lwin Yati Hnin May အမည်သုံးထားသည့် အကောက်တုဖြင့် လိမ်လည်ခြင်းဖြစ်သည်ဟု ဆိုသည်။

လုပ်ခလစာမက်လုံးအပြင် အခြားခံစားခွင့်များဖြင့် ဆွဲဆောင်ထားသော NGO အလုပ်တစ်ခုကို မြန်မာများလာရောက် လျှောက်ထားရန် ဇန်နဝါရီလ လကုန်ရက်များတွင် ယင်းဂရုထဲ အဆိုပါအကောင့်တုဖြင့် ရေးသားလာခဲ့ခြင်း ဖြစ်သည်။

အခြေခံလစာ ဘတ် ၁၇၀၀ဝမှ စတင်ရရှိမည်ဖြစ်ပြီး အသက် ၁၈နှစ်အထက်ရှိသော မြန်မာများကို အလုပ်လျှောက်လွှာ ခေါ်ယူခဲ့ပြီး လျှောက်ထားခအနေဖြင့် ဘတ် ၂၅၀ ကြိုတင်ကာ ကောက်ခံခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် မြန်မာအလုပ်သမားများထံမှ သိရသည်။

လုပ်ကိုင်လိုသော မြန်မာအလုပ်သမားများအား ၎င်းအကောင့်ဆီသို့ မက်ဆေ့ပို့ခိုင်းခဲ့ပြီး ယင်းနောက်အလုပ် လျှောက်လွှာပုံစံတစ်ခု ပြန်လည်ပို့ပေးကြောင်း ၎င်းတို့ထံမှ သိရသည်။

လျှောက်လွှာပုံစံတွင် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပြီးနောက် ၎င်းအကောက်ထံ ပြန်လည်ပို့ပေးလိုက်ပါက အလုပ်လျှောက်ထားခဟုဆိုကာ ဘတ် ၂၅၀ ကြိုတင်လွှဲပေးရန် Myo Htet Aung အမည်ဖြင့်ဖွင့်ထားသော ထိုင်း Kasikorn ဘဏ်အကောက်နံပါတ်တစ်ခုကို ပြန်ပို့ပေးပြန်သည်။

ဘဏ်ငွေသွင်းပြီးကြောင်း စလစ်ပို့ပြီးသည်နှင့် ဆက်သွယ်၍ မရတော့ဘဲ အလုပ်လျှောက်ထားသူကို Lwin Yati Hnin May အကောင့်ပိုင်ရှင်က BLOCK သွားခဲ့ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

“အမရော အမသူငယ်ချင်းတွေရော မိတယ်။ ငါတို့လည်း တစ်ယောက်နဲ့ တစ်ယောက် မချိတ်ဆက်မိကြဘူး။ နောက်မှ သူ့အကောင့်က တင်တဲ့ဟာကို သူများလာပြောမှ သိတော့ ပါသွားပြီ။ ငါတို့က အဲဒီအလုပ်တွေ လုပ်တယ်ဆိုတာက မြန်မာနိုင်ငံမှာ နေတုန်းက NGO အဖွဲ့တွေလုပ်ခဲ့ဖူးတယ်။ အဲဒါကြောင့်မို့ သွားစမတ်(လျှောက်) ကြည့်တာ။ အဟုတ် ထင်တာကို။ နောက်မှ သူယုတ်မာကြီး” ဟု အလိမ်ခံရသော မြန်မာအလုပ်သမားအမျိုးသမီးတစ်ဦးက ပြောသည်။

လစာကောင်းသည့်အပြင် ၄ လပြည့်ပါက လစာ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခြင်း၊ နေထိုင်အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) အတွက် ကုမ္ပဏီက ကုန်ကျခံပေးခြင်း၊ နေရာထိုင်ခင်းအတွက် ကွန်ဒိုကိုစီမံပေးခြင်း စသော မက်လုံးများဖြင့် ဆွဲဆောင်ခဲ့သည်ဟု ဆိုသည်။

မြန်မာအလုပ်သမားများကို ပညာပေးရေးလုပ်ငန်း ဖြစ်သဖြင့် မြန်မာဘာသာဖြင့်သာ လုပ်ကိုင်ရမည်ဖြစ်ပြီးတစ်ပတ်လျှင် ၅ ရက်၊ တစ်ရက် ၈နာရီသာ လုပ်ရမည်ဖြစ်ကြောင်းလည်း ဆွဲဆောင်ခဲ့သည်။

ယင်းကြောင့် မြန်မာအလုပ်သမား အများအပြား လျှောက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။

“ပိုက်ဆံရတာနဲ့ တခါတည်း ဘလော့တာ။ အလုပ်မရှိလိုပါဆို လူလိမ်ချည်းပဲ” ဟု အလိမ်ခံရသည့်အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

ယင်းအကောင့်တုတွင် အခြားသူ၏ ဓာတ်ပုံကို Profile ပုံအနေဖြင့် ယူသုံးထားပြီး အလုပ်လာလျှောက်သူများယုံကြည်နိုင်ရန်အတွက် ဓာတ်ပုံများကို အဆက်မပြတ်တင်ထားခဲ့သေးသည်။

သူ့ Wall ထဲ ဝင်ကြည့်လိုက်တော့ ပုဂံမြေ ဘာညာ Share ထားတေ့ (လူလိမ်) မဟုတ်လောက်ဘူးထင်တာ။ကျွန်တော်ကတော့ လှူလိုက်ပြီ။ ဘလော့ပြီးလည်း ပြေးသွားပြီ” ဟု မြန်မာအလုပ်သမား အမျိုးသားတစ်ဦးကပြောဆိုသည်။

ပုံကို ယူသုံးခံရသူမှာ ပုသိမ်မြို့တွင်နေထိုင်ကာ စားသောက်ဆိုင်ဖွင့်ထားသော May Hnin Thet Khaing အမည်ရှိသူဖြစ်သည်။

၎င်း၏ လူမှုကွန်ရက်အကောင့်တွင်လည်း “ကျွန်မအကောင့်ထဲက ပုံတွေယူသုံးပြီး နာမည်အမျိုးမျိုးနှင့် လိုက်လိမ် နေတာပါ။ ကျွန်မက မြန်မာပြည်ကပါ။ ပုသိမ်မှာနေပါတယ်။ ထိုင်းနိုင်ငံနဲ့ ပက်သက်တာ ဘာမှ မလုပ်ပါဘူး။ အဲဒီ လူလိမ်အကောင့်ကို ဘာတစ်ခုမှ ငွေမလွှဲပေးကြပါနဲ့။ တောင်းပန်ပါတယ်” ဟု ရေးသားထားသည်။

အဆိုပါလိမ်လည်မှုသည် ဇန်နဝါရီလ နောက်ဆုံးအပတ်မှစ၍ ဖေဖော်ဝါရီလအစောပိုင်းတွင် တွေ့ရှိခဲ့ကြရပြီးထိုင်းရောက် မြန်မာ Group များတွင် ပုံစံမျိုးစုံဖြင့် ပျံ့နှံ့သွားခဲ့ရာမှ မြန်မာအလုပ်သမားများ အလိမ်ခံရခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ပြည်တွင်း နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သော မြန်မာအလုပ်သမားများသည်ငွေကြေး လိမ်လည်မှု ပုံစံများစွာကို ကြုံတွေ့နေခဲ့ရပြီး အလုပ်လျှောက်ရာတွင်လည်း နောက်ကြောင်းပြန်လည်စုံစမ်းစစ်ဆေးပြီးမှ လျှောက်ကြရန် အလုပ်သမားအဖွဲ့အစည်းများက သတိပေးထားသည်။