ပလမြို့အနီး ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

0
2732

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးတွင် ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ပလမြို့၊ အမှတ် (၁) အမှတ် (၂) ရပ်ကွက်ဖြစ်သည့် တိုရွာအနီး ပိကုန်းတောင်ဖက်တွင် ယနေ့ ဖေဖော်ဝါရီလ၇ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီကျော်သည် အထိတိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် ည ၆ နာရီခွဲမှ ၇ နာရီခွဲအထိ တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“မိုင်းတွေ ကွဲတာကလည်း တအုန်းအုန်းနဲ့ တောင်ယာမီးတိုက်နေသလိုပဲ။ မီးခိုးလုံးကြီးတွေ တက်နေတာ။ ပွဲက တော်တော်ကြမ်းတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသလို လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့်လည်း ထိခိုက်ပျက်စီးမှု ရှိမရှိ မသိရသေးပေ။

ပလမြို့ရပ်ကွက်နှစ်ခုဖြစ်သည့် တိုရွာရှိ စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကမကြာခဏ သွားရောက် ပစ်ခတ်လေ့ရှိပြီး စစ်ကောင်စီတပ်ဘက်ကလည်း အနီးအနားကျေးရွာများသို့လက်နက်ကြီးဖြင့် ပစ်ခတ် လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်ကလည်း ပလမြို့အနီးက တန်းရှင်းရွာနေအိမ်တစ်လုံးအပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။