ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ငြိမ်းချမ်းစွာအဖြေရှာကြရန် ကရင်လူထု တောင်းဆို

0
2821

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် ပြဿနာများကို ငြိမ်းချမ်းစွာ‌ဆွေးနွေးအဖြေရှာကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူလူထုက တောင်းဆိုလိုက်သည်။

လက်ရှိတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်ကြား စစ်ရေးတင်းမာနေချိန် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ယင်းကဲ့သို့ သဘောထားထုတ်ပြန်ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တပ်မဟာ ၄ မှာ တနင်္သာရီတိုင်းတွင် အခြေစိုက်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU – Karen National Union)၏ တပ်မဟာတစ်ခုဖြစ်ပြီး ကော်သူးလေတပ်မတော် တနင်္သာရီတိုင်းမှာ ဗိုလ်ချုပ်စောနယ်ဒါးမြ ဦးဆောင်မှု အောက်တွင်ရှိသော တပ်ဖွဲ့တစ်ခုဖြစ်သည်။

တနင်္သာရီတိုင်းတွင် ယင်းကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြား မကြာခဏတင်းမာမှုများ ဖြစ်ပေါ်လေ့ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အထက်ပါကရင်လက်နက်ကိုင် နှစ်ဖွဲ့အကြား တင်းမာမှု အမြင့်ဆုံးဖြစ်ခဲ့သည်။

ထားဝယ်-ထီးခီးလမ်းရှိ ဝါးတောရွာအနီးတွင်း ယင်းအဖွဲ့နှစ်ဖွဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ကော်သူးလေတပ်မတော်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်ပါက စစ်ကောင်စီ၏သွေးခွဲသည့် မဟာဗျူဟာအောင်မြင်သွားပြီး အာဏာရှင်စနစ်တော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူများ၏ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ နော်ထီးခူက ဆိုသည်။

ယင်းအပြင် ကရင်ပြည်သူများအပေါ်တွင်လည်း ကြီးမားသည့် ဆိုးကျိုးသာဖြစ်စေနိုင်သည့်အတွက် ဆွေးနွေးအဖြေရှာသည့်ဘက်ကို တိုက်တွန်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 “ဒီဟာအပေါ်မှာ လက်နက်နဲ့ အဖြေမရှာဘဲနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့အတွက်ကို အဓိက တိုက်တွန်းတဲ့ဟာပေါ့နော်”ဟု နော်ထီးခူက ဆိုသည်။

လက်ရှိတွင်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အသင့်အနေအထားဖြင့် ရင်ဆိုင်ထားဆဲဖြစ်နေကြောင်း နော်ထီးခူက ဆိုသည်။

“အချို့ကလည်း သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်နေတယ်ပေါ့နော်။ ပိုပြီးတော့ ပဋိပက္ခကြီးမားလာအောင်လုပ်တာဖြစ်တဲ့အတွက် ထောင်ချောက်တွေထဲကို မကျသွားဖို့အတွက် အရေးကြီးတာပေါ့နော်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် ဒေသခံ PDF များမှာ KNU နှင့်လက်တွဲလုပ်ဆောင် နေသူများရှိသလို ကော်သူးလေတပ်မတော်နှင့် ပူးပေါင်းလုပ်ဆောင်နေကြကြောင်း ၎င်းကဆိုသည်။

လက်ရှိ ဆက်ဆံရေးတင်းမာနေသည့် ကရင်လက်နက်ကိုင် နှစ်ဖွဲ့စလုံးက ကြေညာချက်များ အသီးသီးထုတ်ပြန်ထားကြသည်။

နှစ်ဘက်စလုံး၏ ထုတ်ပြန်ချက်တွင်လည်း စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒကို အမြစ်ပြတ်ချေမှုန်းကြမည့် ရည်မှန်းချက်ကလည်း ထပ်တူကျနေသည်။

‘KNU ၏ တော်လှန်ရေးလမ်းစဉ်သည် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ် ပြုတ်ကျစေရေးအတွက် ပြတ်ပြတ်သားသား တော်လှန်သွားရန်ဖြစ်ပါသည်’ ဟု KNU တပ်မဟာ ၄ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေတပ်မတော်၏ ထုတ်ပြန်ချက်တွင်လည်း ‘ကော်သူးလေတပ်မတော် တနင်္သာရီတိုင်း ဆာကဆောတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ကော်သူးလေတပ်ဖွဲ့များသည် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၊ ပြည်သူများနှင့်အတူလက်တွဲပြီး စစ်ကောင်စီကိုတော်လှန်နေသည့် အဖွဲ့ဖြစ်သည်’ ဟု ရေးသာထားသည်။

ကော်သူးလေတပ်မတော်ကို ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ၏ စစ်ဦးစီးချုပ်အဖြစ် ဦးဆောင်ခဲ့သူ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ၂၀၂၂ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ကရင်တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ၏ ဒုတိယမြောက်သားကြီးဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU – Karen National Union)၏ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO – Karen National Defense Organization)ကို ကာလကြာမြင့်စွာ ဦးဆောင်နေသူ တစ်ဦးလည်းဖြစ်သည်။

၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က ဒူးပလာယာခရိုင်၊ ဖလူး-ဝေါ်လေဒေသတွင် ဖြစ်ပေါ်ခဲ့သော အရပ်သား ၂၅ ယောက် အသတ်ဖြတ်ခံရမှုမှာ KNDO က လုပ်ဆောင်သည်ဆိုသော ကိစ္စရပ်အပေါ် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကြောင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြမှာ တာဝန်မှ ရပ်ဆိုင်းခံလိုက်ရပြီးနောက် ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းကာ သီးခြားရပ်တည်လိုက်ခြင်းဖြစ်သည်။