တရားမဝင်ဗီဇာပြုလုပ်ပေးမှုဖြင့် ထိုင်းရဲဗိုလ်ချုပ်ကြီးအပါအဝင် ထိုင်းရဲ ၁၀၀ ကျော်ကို တရားစွဲ

0
2639

တရုတ်လုပ်ငန်းရှင်များအပါအဝင် နိုင်ငံခြားသားများကို တရားမဝင် ဗီဇာပြုလုပ်ပေးမှုဖြင့် ထိုင်းရဲဗိုလ်ချုပ်ကြီး ၃ ဦးအပါအဝင် လဝက(လူဝင်မှုကြီးကြပ်ရေး) ရဲအရာရှိ ၁၁၀ ကို တရားစွဲထားကြောင်း Bangkok Post သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

၎င်းတို့မှာ တရားမဝင် ရရှိလာသော လာဘ်ပေးလာဘ်ယူမှုများနှင့် ဌာနဆိုင်ရာ စည်းကမ်းဖောက်ဖျက်မှုများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ ဒုရဲဗိုလ်ချုပ်ကြီးဖြစ်သူ Pakphumpipat ကပြော ဆိုလိုက်သည်။

တရားစွဲခံရသူ အယောက် ၁၁၀ တွင် ရဲဗိုလ်ချုပ်ကြီး ၃ ဦးပါဝင်နေပြီး ကျန်အဆင့်အသီးသီးရှိသော ရဲအရာရှိများ ပါဝင်နေခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတရားစွဲဆိုထားသော အမှုများအပါအဝင် ဌာနအတွင်း စည်းကမ်းဖောက်ဖျက်မှုများစွာကိုလည်း ထပ်တိုးစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဒုရဲဗိုလ်ချုပ်ကြီးက ပြောကြားထားသည်။

စုံစမ်းစစ်ဆေးမှုများကို ယခုအပတ်အတွင်း ပြီးမြောက်မည်ဟု မျှော်လင့်ထားပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီးထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း‌ ဖော်ပြထားသည်။

တရားစွဲခံထားရသော လဝကရဲအရာရှိများသည် နိုင်ငံခြားသားများအတွက် ဗီဇာထုတ်ပေးမှုလုပ်ငန်းများတွင် တရားမဝင် ပူးပေါင်းလုပ်ဆောင်ပေးခြင်းဖြင့် ပြစ်မှုများကျူးလွန်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် တရုတ်နိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာခဲ့ပြီး Volunteer ဗီဇာ၊ စီးပွားရေးလုပ်ငန်းဗီဇာများကို လိုအပ်ချက်များ သတ်မှတ်ချက်များ ပြည့်စုံမှုမရှိဘဲ ရယူနေခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားများသည် တရားမဝင်လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေသည်ကို အရေးယူဆောင်ရွက်ရင်း အမှုနှင့် ဆက်သွယ်နေသူအများစုမှာ မသမာသော ဗီဇာများဖြင့် နေထိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း ဗီဇာလျှောက်ထားသူများသည် ဥပဒေအရ လူကိုယ်တိုင် အကြောင်းကြားရန် လိုအပ်သော်လည်း ထိုရဲအရာရှိများသည် ခရိုင်အုပ်ချုပ်ရေးမှူးလက်မှတ်များနှင့် ဓာတ်ပုံအထောက်အထားများကို ခွင့်ပြုပေးခဲ့ကြောင်း ရေးသားထားသည်။

အဆိုပါဖြစ်ရပ်များသည် ပြီးခဲ့သော ၂၀၂၀ ခုနှစ်အလယ်ပိုင်းမှစ၍ ၂၀၂၂ ခုနှစ်အထိ ကျူးလွန်နေခဲ့ကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အဖြစ်များခဲ့ကြောင်း ဖော်ပြထားသည်။

ဗီဇာလျှောက်ထားသူများသည် ၎င်းတို့နေထိုင်ခွင့်အတွက် Language school သို့မဟုတ် Volunteer ဖောင်ဒေးရှင်းများမှ ထုတ်ပေးခဲ့သော စာရွက်စာတမ်းများကို အတုပြုလုပ်ကာ ဗီဇာသက်တမ်းတိုးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။