ရေဖြူမြို့နယ် ပညာရေးမှူးနေသည့် ဝန်ထမ်းအိမ်ရာကို မီးရှို့ထားသည့် ဓာတ်ဆီပုလင်းဖြင့်ပစ်

0
2691

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးနေသည့် ဝန်ထမ်းအိမ်ရာကို ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက မီးရှို့ထားသည့် ဓာတ်ဆီပုလင်းဖြင့် အပစ်ခံရကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ရေဖြူမြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

ဓာတ်ဆီပုလင်းပစ်ခံရသည့် နေရာမှာ အစိုးရဝန်ထမ်းများ နေထိုင်သည့် စုပေါင်းဝန်ထမ်းအိမ်ရာဖြစ်ပြီး မြို့နယ်ပညာရေးမှူးနေထိုင်သည့် ဝန်ထမ်းအိမ်ရာမှာ မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်ပျက်စီးသွားကြောင်း တိုင်းပညာရေးမှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က ပြောသည်။

“ဆရာကြီးက အဲ့နေ့က အပြင်ထွက်နေတာဆိုတော့ ဝန်ထမ်းအိမ်ရာမှာ မရှိဘူး။ အခန်းတော့ ယူတော့ယူထားတယ်။ အဲ့ဒီမှာ ခဏတဖြုတ်နေတာပဲ ရှိသေးတယ်။ ကျန်တဲ့ အခန်းတွေတော့ သေချာမသိဘူး။ ဆရာကြီးအခန်းမှာ အနည်းအကျဉ်းတော့ မီးလောင်တာရှိတယ်” ဟု မြို့နယ်ပညာရေးမှူးက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အခြားဝန်ထမ်းအိမ်ရာနှင့် ဝန်ထမ်းများထိခိုက်မှုမရှိကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။

အဆိုပါ လုပ်ဆောင်ချက်ကို မည်သူတို့က မည်သည့်အကြောင်းကြောင့်လုပ်ဆောင်သည်ကို မသိကြောင်း တိုင်းပညာရေးမှူးက ပြောသည်။