ရငဲရွာမှ လူငယ်အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

0
2819

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှ လူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၇) နံနက် ၈ နာရီခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကားလမ်းမဘေးရှိ နေအိမ်တစ်လုံးမှ အသက် ၂၃ နှစ်ခန့်ရှိ ကိုဖြိုးငယ်ဇော်နှင့် အသက် ၃၀ ခန့်ရှိ အိမ်ရှင်ဖြစ်သူ ကိုပိုင်စိုးတို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်ရှင်ဖြစ်သူ ကိုပိုင်စိုးကို ဖမ်းဆီးပြီးနောက် နေအိမ်ကို မွှေနှောက်ရှာဖွေရာ အိမ်တွင်လက်လုပ်တူမီးသေနတ် တွေ့ရှိသဖြင့် နှစ်ယောက်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အထက်ပါအမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မိနစ်အနည်းငယ်အကြာတွင် သေနတ်သံကြားရကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကြောင်းမှာ ရွာလမ်းအတိုင်း ဘာမှမဖြစ်သလို သွားလာနေသည်ကို တွေ့ရသော်လည်း ရွာသားနှစ်ဦးပြန်ပါမလာသဖြင့် ဆရာတော်က မေးမြန်းရာ လွှတ်ခဲ့ပြီဟုဖြေဆိုကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

သို့သော် လိုက်လံရှာဖွေရာတွင် ရငဲရွာအနီးက တောလမ်းတစ်နေရာတွင် ဦးခေါင်းပွင့်နေသည့် အလောင်းများကို တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဖမ်းသွားပြီး နည်းနည်းကြာတော့ သေနတ်သံကြားပြီးတာနဲ့ စစ်ကြောင်းက ပြန်ရောက်လာပေမယ့် သူတို့တွေ ပါမလာဘူး။ ဘယ်နားမှာလဲဆိုပြီး လိုက်ရှာတော့ တောထဲမှာ ပစ်သတ်ရစ်ခဲ့တယ်” အထက်ပါအမျိုးသမီးက ဆိုသည်။

အလောင်းနှစ်လောင်းလုံးကို ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုပိုင်စိုး၏ နေအိမ်ဘေးရှိ အိမ်ကိုလည်း မွှေနှောက်ရှာဖွေခြင်း၊ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ကိုဖြိုးငယ်ဇော်၏ ဆိုင်ကယ်ကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံအချို့က ပြောသည်။

ရငဲကျေးရွာမှ ဒေသခံအချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်လာချိန် ထွက်ပြေးတိမ်းရှောင်နေသူများလည်းရှိပြီး အချို့သာ နေအိမ်မှာတွင်နေနေကြသည်ဟု သိရသည်။