MPT Exchange ရုံးမီးလောင်သဖြင့် ဆက်သွယ်ရေးပြတ်တောက်

0
3091

ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အိပ်ချိန်းရုံး (MPT Exchange) မီးလောင်မှုဖြစ်ပွားသဖြင့် တစ်နိုင်ငံလုံးရှိ MPT လိုင်းများဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT အိတ်(ပ်)ချိန်းရုံးသည် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၁၀ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့လည်း အဲလိုပဲကြားထားပါတယ်။ မီးလောင်နေလို့ server တွေအကုန် ရပ်ထားရတယ်ပေါ့နော်” ဟု တနင်္သာရီတိုင်းအတွင်း MPT ထုတ်ကုန် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းတွင်လည်း ယနေ့နံနက် ၁၀ နာရီဝန်းကျင်အချိန်မှစပြီး MPT ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအားလုံး ပြတ်တောက်သွားခဲ့သည်။

“ဆင်းကတ်မှတ်ပုံတင်ကိစ္စကြောင့်ပဲ ဖြတ်ပစ်ခံရတာလားလို့ တွေးနေတာ။ ရုတ်တရက်ကြီး ပြတ်သွားတာဆိုတော့လေ” ဟု ထားဝယ်ဒေသခံတစ်ဦးကဆိုသည်။

MPT Exchange မှာ ယနေ့နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်တွင် စတင်မီးလောင်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြိမ်သတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင်မူ ယနေ့နေ့လယ် ၁၂ နာရီ မိနစ် ၅၀ အချိန်အထိ MPT လိုင်းများ အသုံးပြုမရသေးပေ။