ရေဖြူတွင် ကားပစ်ခတ်ခံရပြီး ဆရာတော်ပျံ‌လွန်‌၊ အမျိုးသမီးတစ်ဦးလည်းသေဆုံး

0
3359

ရေဖြူမြို့နယ် ၂၇ မိုင်နှင့် နှမ်းကျဲရွာကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၆ရက် ညနေ ၃နာရီဝန်းကျင်က ရာဖူးရွာသစ်ကျောင်းဆရာတော်၏ကား သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဆရာတော်ပျံလွန်ကာ အမျိုးသမီးတစ်ဦးလည်း သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ကားတွင် ဆရာတော်နှင့် ယာဉ်မောင်းအပါဝင် ခရီးသည် စုစုပေါင်း ရှစ်ဦးလိုက်ပါလာပြီး ထားဝယ်မြို့မှ ရေဖြူမြို့နယ် ရာဖူးရွာသစ်သို့ ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ညသုံးနာရီလောက်က သေနတ်သံ အချက်သုံးဆယ်လောက်ရှိတယ်။ ခဏနေသွားကြည့်တော့ ဘုန်းကြီးကား ဖြစ်နေ တယ်။ ဆရာတော်က ရှေ့ခန်းမှာ‌ ပျံလွန်တော်မူနေပြီး အမျိုးသမီးကတော့ ကားနောက်ခန်းမှာ သေနေတယ်” ဟု ၎င်းက ဆိုသည်။

ကားပေါ်လိုက်ပါလာသည့် ကျန်ခြောက်ဦးစလုံးလည်း ဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။

ဆရာတော်မှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ ဇာတိဖြစ်ပြီး ရာဖူးရာသစ်တွင်ကျောင်းထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒဏ်ရာရရှိသူများတွင် မောင်မယ်ရှောင်ရွာသားများ ပါဝင်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါကားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို အတည်မပြုနိုင်သေးပေ။

ပစ်ခတ်ခံရမှုကြောင့် သက်တော် ၆၀ နှစ်အရွယ်ရှိ ရာဖူးရွာသစ် ဗုဒ္ဓ သာသန ရက္ခိတ ကျောင်းဆရာတော် ဦးဥက္ကဋ္ဌ ပျံလွန်တော်မူပြီး အသက် ၆၅ နှစ်အရွယ်ရှိ ဒေါ်အုန်းမြင့်မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ယင်းအပြင် အသက် ၆ဝအရွယ် ယာဉ်မောင်း ဦးသန်းထွေး၊ အသက် ၁၈နှစ်အရွယ်ရှိ မောင်မိုးသူရအောင်၊ အသက် ၁၂နှစ်အရွယ် မသင်းရနံ့လှိုင်နှင့် အသက် ၂၃နှစ်အရွယ် မနန်းမိုး၊ နောက်ထပ် အမည်မသိရသေးသည့် ကလေးနှစ်ဦး လည်း ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

“ကျွန်တော်တို့ဆီကို ဖုန်းဝင်လာချိန်က ၃ နာရီ ၄၆ မိနစ်ရှိနေပြီ။ ဒဏ်ရာရတဲ့ လူနာတွေကိုတော့ ချက်ခြင်းဆေးရုံကို သယ်လာတယ်။ အလောင်းတွေလည်း အခုရောက်လာနေပါပြီ” ဟု ၎င်းက ပြောဆိုသည်။

အမည်မသိရသေးသည့် ကလေးလူနာနှစ်ဦးမှာ ဒဏ်ရာ မစိုးရိမ်ရသဖြင့် ရေဖြူမြို့နယ်၊ ကလိန်အောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

သေဆုံးသူများနှင့် ဒဏ်ရာ ပြင်းထန်လူနာ လေးဦးကို ထားဝယ်အခြေစိုက် လူမှုကူညီရေးအသင်းဖွဲ့များဖြစ်သည့် ဇမ္ဗူသီရိ၊ ရင်ခုန်သံ၊ ဇဟာအားမာန်၊ မောင်မယ်မေတ္တာ၊ ဖြူစင်မေတ္တာ (ကလိန်အောင်) စသည့် အသင်းဖွဲ့များ ပူးပေါင်း၍ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။