အာဏာသိမ်းအပြီး ၂ နှစ်အကြာ

0
2721

စစ်တပ်က အာဏာသိမ်းခဲ့သည့်မှာ ၂ နှစ်ကျော်ရှိလာပြီဖြစ်သည်။ ယင်းကာလအတွင်း ပြည်တွင်းပဋိပက္ခများ ပိုမိုဖြစ်ပွားလာနေပြီး ဒေသအများစုတွင် တိုက်ပွဲများဖြစ်ပွားလာနေသည်။

တနင်္သာရီတိုင်းတွင်လည်း စီးပွားရေး လုပ်ငန်းအများစုရပ်တန့်နေသလို၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ၊ လုံခြုံရေးအရ နေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်ရသူ အများအပြားရှိနေသည်။

ပဋိပက္ခဒေသအတွင်းရှိ ပြည်သူများမှာ အသက်ဘေး အချိန်မရွေးကျရောက်လာနိုင်သဖြင့် ကျီးလန့်စာစားနေထိုင် ကြရသည့်အပြင် စီးပွားရေး အခက်အခဲများ ပိုမိုကြုံတွေ့လာနေရသည်။

ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် နယ်ပယ်အသီးအသီးတွင် ရှိနေသူများကို တွေ့ဆုံမေးမြန်းကာ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“အားလုံး ထိတ်ထိတ်လန့်လန့်နဲ့ပဲ နေနေရတယ်”

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ အမျိုးသမီးတစ်ဦး

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးကာလ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေစသဖြင့် ဘာတွေ ကွာခြားသွားလဲ။

ဖြေ ။ ကွာခြားတာကတော့ အစစအရာရာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကအစကို အားလုံးကွာခြားသွားတယ်။ အစတုန်းက ကျန်းမာရေးကဏ္ဍမှာဆိုရင် ဆေးရုံဆေးခန်းတက်မယ်ဆို ပိုက်ဆံတစ်သိန်း နှစ်သိန်းနဲ့တက်သွားရင် အဆင်ပြေတယ်။ အခုချိန်မှာတော့ အဆင်မပြေဘူး။ စားဝတ်နေရေးကလည်း အစတုန်းက ဆန် တစ်အိတ်ကို ၂၂၀၀၀ ကျပ်ဆို အခုက ၆၀၀၀၀ ဖြစ်နေတယ်လေ။ အစစအရာရာအားလုံးပဲ။ သွားရေးလာရေးလည်း လွတ်လပ်မှုမရှိဘဲနဲ့ အားလုံးပဲ သွားဖို့လည်း မသွားရမလာရနဲ့ လွတ်လပ်မှုမရှိဘူးပေါ့လေ။

စီးပွားရေးနဲ့လည်း အဆင်မပြေ ဟိုတုန်းက ပိုက်ဆံတစ်သောင်းရလို့ တစ်နေကုန်စားမယ်ဆို ရတယ်လေ။ အခုချိန်မှာ ပိုက်ဆံ တစ်သောင်းဆိုတာ ဝယ်လိုက်ရင် ကလေးများများအိမ်ဆိုရင် ဖွယ်စာ(သရေစာ)ဖိုးဘာဖိုးနဲ့ စားမလောက်ဘူး။ မုန့် ၁၀၀ တန်တစ်ထုတ်က အခုချိန်မှာ ၂၀၀ ဖြစ်နေတယ်လေ။

DW ။ ကျန်းမာရေးကရော ဘယ်လိုကွာခြားသွားလဲ။

ဖြေ ။ အခု ညပိုင်းလိုမျိုး အရေးပေါ်သွားရမယ်ဆို သွားမရဘူးလေ။ ရတဲ့ဆေးနဲ့ ရတာနဲ့ပဲလုပ်နေရတာပေါ့။ ရုတ်တရက် နေမကောင်းဖြစ်တာမျိုးဆိုရင် ရွာကဆရာမတွေလည်း တော်ရုံတန်ရုံခေါ်မရဘူး။ အဲလိုပဲ ရွာမှာရှိတဲ့ဆရာမတွေနဲ့ပဲ အဆင်ပြေသလိုလုပ်ထားရတယ်။ ကားတွေက ညမိုက်(မှောင်)တာနဲ့ကို မလိုက်တော့ဘူး။

DW ။ သွားရေးလာရေးကရော ဘယ်လိုရှိလဲ။

ဖြေ ။ အရင်တုန်းက ဘုရားဖူးဆိုလည်း ရန်ကုန်၊ မန္တလေးဆိုလည်း အုပ်စုလိုက်သွားနေတယ်လေ။ အခုချိန်မှာကတော့ ရှင်ကိုးရှင်ကိုတောင် မရောက်တော့ဘူး။ ပင်လယ်ထဲမှာဆိုလည်း စစ်တပ်နဲ့တွေ့မှာစိုးလို့ အဝေးကြီးသွားပြီး ငါးသွားမဖမ်းရဲကြဘူး။ ကိုယ့်ချောင်းဖျားကမ်းဖျားနားမှာပဲ ရသလိုပဲလုပ်စားနေကြရတယ်။ အရင်တုန်းကဆို တစ်နေ့ကို ငါးသောင်းရတာလည်းရှိတယ်။ တစ်သိန်းရတာလည်းရှိတယ်။ အခုချိန်မှာကတော့ စားဝတ်နေရေးအတွက်မျှပဲ အဲ့လောက်နဲ့ပဲပြီးနေရတယ်။ အရင်တုန်းက သာသာယာယာပဲ ပိုက်ဆံတစ်သောင်းရလို့ ငါးထောင်စားမယ် ငါးထောင်ကိုစုမယ်ဆိုရတယ်၊ အခုချိန်မှာကတော့ စုလို့ကိုမရဘူးလေ။

DW ။ ညရေးညတာတွေရော ဘယ်လိုရှိသလဲရှင်။ အခုက တိုက်ပွဲတွေလည်း ဖြစ်နေတယ်ဆိုတော့ ဘယ်လိုပြင်ဆင်ထားတာတွေရှိလဲ။

ဖြေ ။ ပြင်ထားတယ်၊ တစ်ခုခုဖြစ်လာရင် လိုအပ်တာလောက်ယူပြီး ပြေးရအောင် အဆင်သင့်ပြင်ထားတယ်။ မိန်းလမ်းနားမှာနေသူတွေက စစ်တပ်ကားသွားလာတာကို သူတို့က အားလုံးသိနေတယ်ဆိုတော့ ရွာထဲကလူတွေကို သတင်းပေးတယ်လေ။ ဘယ်နားဘယ်နားမှာတော့ ဖြစ်နေပြီဆိုပြီး တစ်ယောက်ကိုတစ်ယောက် သတင်းပေးကြတယ်ပေါ့လေ။ အဲလိုဆို သတိနဲ့နေကြတာပေါ့လေ။ အနီးတဝိုက်မှာ ဖြစ်နေပြီဆိုရင် ဒီရွာကလူတွေက ၄ နာရီထိုးတာနဲ့ကို ထမင်းတည်နေကြပြီ။ လေးနာရီ ငါးနာရီထိုးတာနဲ့ကို ထမင်းစားကြပြီ။ နေ့ဘက်ပဲ TV ဖွင့်ကြတယ်၊ ညဘက်ဆို TV ဖွင့်မရဲဘူး။ ကားလမ်းမတန်းကလူတွေဆို သတင်းတောင် ကောင်းကောင်းမကြည့်ရဘူး။

DW ။ အခုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ၊ ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ ။ အေးအေးချမ်းချမ်းနဲ့ပဲ နေသွားချင်တယ်။ ဟိုကလာလည်း မအေး၊ ဒီကလာလည်း မအေး၊ ကျွန်မဖြစ်ချင်တာကတော့ ဒီနေ့ အေးအေးချမ်းချမ်းဖြစ်လေ ပိုကောင်းလေ၊ မနက်ဖြန်လည်း အေးအေးချမ်းချမ်းဖြစ်လေ ပိုကောင်းလေပေါ့နော်။ အခုက သားငယ်(ကလေး)လူကြီးအားလုံး ထိတ်ထိတ်လန့်လန့်နဲ့ပဲ နေနေရတယ်။ အခု ၂ နှစ် ၃ နှစ်ကလေးတွေတောင် စစ်တပ်ဆိုပြောတာနဲ့ တစ်ခါတည်း ကြောက်စိတ်ဝင်တယ်။ နောင်ရေးဘယ်လိုလုပ်မလဲလို့ တွေးနေရတယ်။

“အဝတ်အစားတောင် လှလှပပ ဝတ်မရဲဘူး”

သရက်ချောင်းမြို့နယ်၊ သူရဲတောင်ရွာမှ ဥယျာဉ်ခြံရှင်အမျိုးသမီးတစ်ဦး

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီးကာလ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေစသဖြင့် ဘာတွေ ကွာခြားသွားလဲ။

ဖြေ ။ အစတုန်းကတော့ ခြံထဲမှာ ဒူးရင်းသီးလေးဘာလေး နည်းနည်းပါးပါးရှိတယ်ဆိုတော့ သွားကောက်စားနေတာပဲ၊ အခုကတော့ ခြံထဲကိုလည်း တစ်ခါမှ မရောက်တော့ဘူး။ ကျွန်မတို့ခြံကလည်း ကင်းရှေ့မှာဆိုတော့ ဟိုနေ့ကလည်း ကင်းရှေ့က အကြီးအကျယ်ဖြစ်ထားတာဆိုတော့ (လူနှစ်ဆယ်လောက်အဖမ်းခံရပြီး ရိုက်ခံရတာတွေလည်းရှိတယ်ဆိုတော့) ခြံထဲကိုသွားမရဲတာ ကြာပြီ။  တောထွင်(ခြံရှင်း)တာတောင် ဖုန်းနဲ့ပဲ ပြောပြီးထွင်ခိုင်းလိုက်တယ်။ ခြံထဲမရောက်တာ ၅ လလောက်ရှိပြီ။ အာဏာသိမ်းပြီးတည်းကလည်း အမြဲတမ်းမဝင်ဖြစ်ဘူး။ ဒူးရင်းသီးချိန် ဒူးရင်းသီး သွားကောက်စားတာ လောက်ပဲ။ ခြံကတော့ ရော်ဘာရော၊ ကွမ်းသီးရော၊ ဒူးရင်းလည်း နည်းနည်းပါးပါးရှိတယ်။ မိုးတုန်းက ကွမ်းသီးပင်တွေလည်း သွားစိုက်ထားသေးတယ်။ အခုကတော့ ကွမ်းသီးပင်တွေလည်း ဘယ်လိုဖြစ်နေလဲ မသိဘူး။

DW ။ တောထွင်သမားရောငှားရလား၊ ဈေးကြီးလာလား။

ဖြေ ။ တောထွင်သမားကို ဖုန်းနဲ့ပြောပြီးပဲ ထွင်ခိုင်းလိုက်တယ်။ ဈေးကတော့ ကိုယ်ကဆီပေးတာတောင် ထွင်ခ ၁၇၅၀၀ ကျပ်ပေးရတယ်။ ခါတိုင်းတုန်းက ကိုယ့်ဆီနဲ့ကိုယ်ကို ၁၀၀၀၀၊ ၁၂၀၀၀ ပဲပေးရတယ်။ အခုက တောထွင်သမားငှားဖို့ကို ငှားလို့မရဘူး။ တော်ရုံလူတွေ ဝင်မရဲကြဘူးဆိုတော့။ ကွမ်းသီးပင်တွေကို သွားမကြည့်ဖြစ်တော့ သေတဲ့အပင်လဲ သေချင်သေမှာပေါ့။ ကျွန်မလည်း သွားဖို့မရဲဘူး။ အပင်သေတာရှိရင်လည်းရှိ လူထက်လည်း ဘာမှအရေးမကြီးဘူး။ နေပါစေ အသက်တစ်ချောင်းကျန်ရင်ရပြီဆို။

အစတုန်း (အာဏာမသိမ်းခင်)ကတော့ ရော်ဘာခြစ်စားတယ်။ အရင်ကကျွန်မတို့နားမှာ (သူရဲတောင်) ကြိုးတံတားနဲ့ဆိုတော့ အမြဲတမ်းသွားလို့ရတယ်။ အခုက ကြိုးတံတားမရှိတော့တဲ့အခါကျတော့ ပတ်ပြီးသွားရတယ်။ ဝလုံးမျိုး။ တကယ်က ကင်းရှေ့နဲ့ ကျွန်မတို့ရွာက ချောင်းတခုပဲခြားတာ။ အခုက အဝေးကြီးကနေ ပတ်ပြီးသွားနေရတယ်။

DW ။ အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ၊ ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ ။ ကျွန်မတော့ ဒီကာလကြီးကို လွတ်ကိုလွတ်ချင်သွားပြီ၊ ကျွန်မတို့ကတော့ မျှော်လင့်နေတာတော့ ကြာပြီ။ အဲလိုဆို နင်တို့ကဘယ်မှာပါဝင်လဲဆို မေးအုံးမယ်။ ပြည်သူအနေနဲ့ကတော့ မတတ်နိုင်တော့ဘူး။ လွတ်လည်း လွတ်တော့မယ်လို့ထင်တာပဲ။

DW ။ အခုအခြေအနေမှာ လူမှုရေးကရောဘယ်လိုရှိလဲ။

ဖြေ ။ လူမှုရေးလည်းသွားမရဲဘူး။ တကယ်လို့ မသွားမဖြစ်လို့သွားရမယ်ဆိုရင်လည်း ကျွန်မတော့ အသင့်တင့်ပဲ ဝတ်ဆောင်ရဲတယ်။ အရင်တုန်းကဆို ကိုယ့်မှာနည်းနည်းပါးပါးရှိရင် နည်းနည်းပါးပါးပေါ့နော်။ မိန်းမဆိုတော့ လှချင်ပချင်တယ်ဆိုတော့ ဆင်သွားတာပေါ့။ အခုကတော့ ဘာမှကိုမဆင်ရဲဘူး။ တခုခုကိုကြောက်နေတာပေါ့လေ။ ဂိတ်တွေဘာတွေမှာ စစ်ဆေးနေတာဆိုတော့ ကိုယ့်ကို အကြမ်းဖက်ပြီး လုရစ်တာမျိုး(ပစ္စည်းတွေယူတာမျိုး) အဲလိုမျိုးတွေကြောက်တယ်။ အဝတ်အစားတောင် လှလှပပ ဝတ်မရဲဘူး။

“လူငယ်တွေ စစ်အာဏာရှင်အောက်မှာ နောက်ထပ်ပြီး ဒီလိုမျိုး မနေစေချင်‌ဘူး”

CDM တက္ကသိုလ်ကျောင်းသူတစ်ဦး

DW ။ အာဏာသိမ်းကာလ နှစ်နှစ်အတွင်း ဘာတွေကြုံရတာရှိလဲ။

ဖြေ ။ ပထမဆုံးကြုံရတာကတော့ အာဏာသိမ်းတာပေါ့။ ထင်မှတ်မထားတဲ့အချိန် ဖေဖော်ဝါရီလမှာ အာဏာသိမ်းလိုက်တာကို စကြားကြားချင်း အရမ်းကို အံ့ဩသွားတာပေါ့။ မနက်မိုးလင်းလင်းချင်း အဲဒါကြီးကိုကြားလိုက်ရတာ။ ကျွန်မစိတ်ထဲမှာတော့ သွားပြီ။ လူတွေဘယ်လိုဖြစ်နေကြပြီလဲ မသိဘူးဆိုပြီး အိပ်ယာကနေထပြီး လျှောက်ကြည့်တာပေါ့။ လူတွေက ပုံမှန်အတိုင်းပဲ။ ဈေးဝယ်တဲ့သူဝယ်၊ ဟိုသွား၊ ဒီသွား သွားနေကြတာပဲ။ ဒီလူတွေတော့ အာဏာသိမ်းလိုက်တာ မသိသေးဘူးထင်တယ်။ နောက်သူတို့ဘဝ ဆိုးဆိုးဝါးဝါးဖြစ်တော့မယ်ဆိုတာ မသိသေးဘဲနဲ့ ဖြစ်နေကြတယ်ဆိုပြီး အဲလိုမျိုး ကိုယ့်ဘာသာ တစ်ယောက်တည်းတွေးနေတာပေါ့။ ကျွန်မကအရင်က စာတွေထဲမှာ သိထားတော့ အာဏာသိမ်းလိုက်ပြီဆိုတာနဲ့ သွားပြီဆိုတာသိနေတယ်။ အခုတော့ ကျွန်မထင်ထားတာထက်ကို ပိုဆိုးနေတယ်။ လူတွေသတ်ခံနေရတာတွေပေါ့။ အိမ်တွေမီးရှိ့ခံနေရတာတွေပေါ့။ နေ့တိုင်းလိုလို အဲလိုမျိုးဟာတွေ ကြုံနေကြရတာပေါ့ ကျွန်မတို့တတွေမှာ။

DW ။ တက္ကသိုလ် ကျောင်းသူတစ်ဦးအနေနဲ့ ဘာပြောချင်တာရှိလဲ။

ဖြေ ။ တက္ကသိုလ်ကျောင်းသူအနေနဲ့ဆို ကျွန်မဆိုရင်ပညာရေးတွေ ရပ်တန့်ကုန်တယ်။ ကျောင်းပြီးရင်လုပ်မယ့် အရာ‌တွေရှိတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ပေါ့။ အဲဒါတွေဘာမှ ဖြစ်မလာတော့ဘူး။ အခုဆို အမြဲတမ်း စိုးရိမ်သောကတွေနဲ့ပဲ နေနေရတယ်။ ဒီလိုမျိုးနေရတာမျိုး နောက်ထပ်မကြုံချင်တော့ဘူး။ မျိူးဆက်သစ်တွေ မြန်မာပြည်က လူငယ်တွေ စစ်အာဏာရှင်အောက်မှာ နောက်ထပ်ပြီး ဒီလိုမျိုး မနေစေချင်‌ဘူး။

“လမ်းပေါ်မှာ ဆန္ဒပြပွဲရှိနေဖို့လိုသေးတယ်”

ထားဝယ်ဒေသခံ လူငယ်တစ်ဦး

DW ။ အာဏာသိမ်းကာလ နှစ်နှစ်အတွင်း ဘာတွေကြုံရတာရှိလဲ။

ဖြေ ။ ဘာတွေကြုံရလဲဆိုတော့ အရင်တုန်းကဆို ကျွန်တော်ဆို နိုင်ငံရေးဆိုတာ စိတ်မဝင်စားဘူး။ နားလည်းမလည်ဘူး။ ကိုယ့်နေရာမှာ ဘယ်သူက ဝန်ကြီး၊ ဘာညာ လွှတ်တော်ကိုယ်စားလှယ် ဘာမှမသိဘူး။ ဂျာနယ်ဖတ်ရင်တောင် ဘောလုံး(အားကစား)ဂျာနယ်ပဲ ဖတ်တာ။ (ဂျာနယ်ထဲ) နိုင်ငံရေးတွေပါလာရင် ကျော်ပစ်လိုက်တယ်။ အဲလိုမျိုးလူ။

အာဏာသိမ်းပြီးတော့ သူများတွေ ဆန္ဒပြတာတွေလည်း သိပ်မလိုက်ဖြစ်ဘူး။ နောက်တော့ သူများတွေလည်း လိုက်နေတော့ လိုက်ကြည့်မယ်လေဆိုပြီး တစ်ခါနှစ်ခါလိုက်ကြည့်တယ်။ လူတွေကတအားများ၊ ကြွေးကြော်သံပြိုင်တူဆိုရင်းနဲ့ ကြာလာတော့စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်။ နောက်ပိုင်းနေ့တိုင်းလိုက်ဖြစ်တယ်။ မြို့အထိတက်လိုက်တယ်။ သူများတွေက လမ်းကနေပြန်သွားလည်း မပြန်သေးဘူး။ မြို့ထဲအထိလိုက်တယ်။ ဟောပြောပွဲမှာပြောတာတွေ လိုက်နားထောင်တယ်။ နောက်တော့ သိတဲ့အတိုင်းပဲ ဆန္ဒပြပွဲတွေ ပစ်ခံရတာပဲ။ အဲဒါပြီး ရွာတွေမှာဆန္ဒပြပွဲလုပ်ဖို့ ကျွန်တော်တို့စပြီးလိုက်လုပ်တယ်။ အဲဒီမှာတစ်နေ့ သူငယ်ချင်းတစ်ယောက်က ဆုတောင်းပွဲမှာပေါ့ ကျဆုံးသွားသူတွေအတွက် ရည်စူးပြီး လုပ်တဲ့ ဆုတောင်းပွဲမှာ မင်းတစ်ခုခုဝင်ပြောကွာတဲ့။ မိုက်ကိုင်ပြီပြောခိုင်းတာပေါ့။ မထူးဘူး‌လေဆိုပြီး ဝင်ပြောလိုက်တာ ကျွန်တော်မိုက်ကြိုက်သွားတယ်။ အဲချိန်ဆို စစ်အာဏာရှင်တွေကို သွေးထဲသားထဲကနေကို တော်လှန်ချင်တဲ့စိတ်တွေ ဝင်လာတယ်။ ဘယ်လိုကနေ ဘယ်လိုဖြစ်လာတာလဲ ကျွန်တော်လည်းမသိဘူး။ အဓိကကတော့ (ဆန္ဒပြပွဲမှာ) လူတွေပစ်သတ်ခံရတာကိုမြင်ပြီး စစ်အာဏာရှင်တွေကို အရမ်းမုန်းတီးသွားတဲ့ စိတ်ဝင်လာတာပဲ။

အဲနောက်ပိုင်း အိမ်မှာကိုမနေတော့ဘဲ ရဲဘော်တွေနဲ့အတူတူနေ၊ အတူတူစား၊ နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးရင်းနဲ့ နားလည်လာတာပေါ့ဗျာ။ နိုင်ငံရေးတွေဆိုတာကို။ အိမ်ကတော့ ကျွန်တော်လုပ်တာတွေ သဘောမတူဘူးပေါ့ဗျာ။ သဘောမတူဘူးဆိုတာက စိုးရိမ်လို့ပြောတာပေါ့ဗျာ။ အဖမ်းခံရမှာတို့ကိုပေါ့။ အဲဒါကြောင့်မလိုက်ဖို့တော့ ပြောတယ်။ တားတော့မတားဘူး။ ပိုက်ဆံတွေဘာတွေပေးတယ်။ အရင်တုန်းကဆို ပိုက်ဆံတောင်းရင် မပေးတတ်ဘူး။ ဆန္ဒပြပွဲတွေလိုက်တော့ အိမ်ကလည်းပိုက်ဆံပေးတယ်။ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခံထိတော့ ဓာတ်ငွေ့ကာတွေဝယ်ဖို့၊ စားဖို့သောက်ဖို့ဆိုပြီး နေ့တိုင်းပိုက်ဆံပေးတယ်။ အဲလိုမျိုးတွေပေါ့။ ပြောရရင်တော့အများကြီးပေါ့။ အိမ်ဝင်ဝိုင်းခံထိလို့ ပြေးရတာတွေလည်းရှိတာပေါ့။ အဝတ်အစားတွေတောင် ယူမခံဘဲ အကုန်ပါကုန်တာပေါ့။ ရွာမှာလည်း ခဏခဏလာရှာခံရတာပေါ့။ နောက်ပိုင်းတော့ ရွာမှာနေမရတော့ဘဲနဲ့ ရှောင်နေရတာ အခုချိန်ထိပဲပေါ့ဗျာ။

DW ။ အခု အာဏာသိမ်း နှစ်နှစ်ပြည့်အနေနဲ့ ဘာများပြောချင်တာရှိလဲ။

ဖြေ ။ အခုချိန်အထိ အာဏာရှင်ပြုတ်ကျဖို့အတွက် ကိုယ်တတ်နိုင်တာ အကုန်လုံးလုပ်ပေးနေသေးတယ်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေ အားကောင်းလာဖို့ ပြည်သူတွေပါလာဖို့ လိုတယ်လို့မြင်တယ်။ လမ်းပေါ်မှာ ဆန္ဒပြပွဲရှိနေဖို့လိုသေးတယ်။ ဒါမှလည်း ကမ္ဘာကြီးက ကျွန်တော်တို့ပြည်သူတွေ အာဏာရှင်အုပ်ချုပ်တာကို လက်မခံဘူးဆိုတာကို သဘောပေါက်ကြမှာ။ တချို့တွေက လက်နက်ကိုင်ထားတဲ့သူတွေပဲ အာဏာရှင်ကို တော်

လှန်နေကြတာလို့ မြင်ကြတာတွေရှိတယ်။ လက်နက်မရှိတဲ့ သာမန်ပြည်သူတွေလည်း အာဏာရှင်စနစ်ကို တော်လှန်နေကြတယ်ဆိုတာကို ပြသဖို့လိုတယ်။ အဲဒီအတွက် လမ်းပေါ်ထွက်ပြီး ပြသင့်ရင်ပြရမယ်။ အသံတိတ်သပိတ်လိုမျိူး လုထုအားလုံးပါတဲ့ပွဲတွေ လုပ်ရမယ်။ နောက်ဆုံးပြောချင်တာကတော့ ပြည်သူတွေအနေနဲ့ အာဏာရှင်ကိုလက်မခံဘူးဆိုတာကို ရတဲ့နည်းနဲ့ ပြသပေးနေဖို့တောင်းဆိုချင်တယ်။

“အမြဲတမ်းနောက်ကျောမလုံဘူး”

လောင်းလုံးမှ အငှားယာဉ်မောင်းတစ်ဦး

DW ။ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး TAXI ဆွဲရတဲ့အခြေအနေလေး ပြောပြပါဦး။

ဖြေ ။ အာဏာမသိမ်းခင်က ဆွဲရတာကတော့ လွတ်လွတ်လပ်လပ် ဆွဲရတာပေါ့။ အခုချိန်မှာကကျပ်တည်းတာပေါ့။ ဘာကြောင့်လဲဆိုရင် ခရီးဝေးတွေ မသွားရဲတော့ဘူး။ လိုက်ရမှာ ကြောက်လာတယ်။ လောင်းလုံးအောက်ဖက်ဆို လိုက်လို့မရဲတော့ဘူး။ တစ်ခါတစ်လေ ကျတော့လည်း စွန့်စားပြီး လိုက်သွားရတာတွေရှိတာပေါ့ အရင်က ဘယ်နေရာခေါ်ခေါ် လိုက်လို့ရတယ် စားဝတ်နေရေးမှာ ပိုအဆင်ပြေတယ်။ ပိုက်ဆံရှာရတာပိုလို့လွယ်တယ်။ ဒီဘက်ခေတ်ကျတော့  စားဝတ်နေရေးက်ခဲလာတယ်။ ခရီး‌ဝေးတစ်ခုကို ခေါ်ရင်စဉ်းစားနေရတယ်။ အဲဒီလိုမျိုးတွေတော့ရှိတာပေါ့နော်။

ပြီးခဲ့တဲ့ငါးနှစ်ကတော့ ငွေရှာရ‌တာ တော်တော်လေးကို ဆင်ပြေပါတယ်။ အခုလက်ရှိခေတ်မှာတော့ ဆင်မပြေဘူးလေနော်။ Taxi ဆွဲလို့မကိုက်တဲ့သူတွေဆိုရင် ပန်းရန်လုပ်ငန်းတွေထဲ ရောက်ကုန်ကြတယ်။ တစ်နေ့ကို ပိုက်ဆံ တစ်ထောင်ကျော်ရချင်ရတယ်။ နှစ်ထောင်ကျော်ရချင်ရတယ်။ အိမ်ထောင်ရှိတဲ့လူတွေအတွက်ဆို လုံးဝအဆင်မပြေတော့ဘူးလေနော် အဲလောက်ပမာဏနဲ့။

DW ။ အဲဒီအခက်ခဲတွေက ကိုယ်အပေါ် မိသားစုအပေါ် ဘယ်လိုသက်ရောက်တာတွေ ရှိလာလဲ။

ဖြေ ။ အရင်က ငါးထောင်ရရင် အိမ်တစ်အိမ်မှာစားလို့ရတယ်။ အခုတစ်သောင်းရလည်း စားမလောက်ဘူး။ ကျွန်တော်တို့လိုမျိုး ဆွဲလာတဲ့သက်တမ်းကလည်း ၁၂ နှစ်ရှိပြီဆိုတော့ ကိုယ့်ဖောက်သည်နဲ့ကိုယ်ဆို တော်သေးတယ်။ မစုမိဘူးဆိုပေမယ့်လည်း စားလို့သောက်လို့ရသေးတယ်ပေါ့လေ။ အခုမှလတ်တလော ဝင်လုပ်တဲ့သူတွေကျတော့ အခက်အခဲအများကြီး ရှိတာပေါ့လေနော်။ လက်ရှိနေရာမှာက အရင်ကထက် ကားသွားကားလာတွေလည်း နည်းလာတယ်။ အဲဒါကြောင့် အရင်က တိုင်စီဆွဲလို့ တစ်နေ့ကို ဆန်တစ်ပြည်ရနေသေးရင် အခုချိန်(ဆန်)နို့ဆီဘူး တစ်ဘူးရဖို့မလွယ်ဘူး။ အခုချိန်က ပါစင်ဂျာ(ခရီးသည်)က ခရီးဝေးတစ်ခုကို လာငှားရင်လိုက်မရဲဘူး။ လမ်းမှာဂိတ်တွေများတယ်၊ အစစ်အဆေးများတယ်။ ကိုယ်မှာစုံလင်နေပါရဲ့ သူတို့ကိုကြောက်နေရတာပေါ့လေ။ စုံနေလည်း ရစ်ခံရနေတယ်ဆိုတော့လေ အဲဆိုလဲ မထူးတော့ဘူးဆိုပြီး ပန်းရန်လိုက်လုပ်နေတဲ့ သူတွေလည်း အများကြီးရှိလာတယ်။

DW ။ အခုချိန်မှာ ကိုယ်နဲ့လုံးဝမသိတဲ့ ခရီးသည်ရဲ့ ယုံကြည်မှုကရော ဘယ်လိုမျိုးလဲ။

ဖြေ ။ အကောင်းဘက်က တွေးရင်တော့ အခုကအင်္ကျီတွေနံပါတ်‌ တွေထုတ်ပေးထားတဲ့ အခါကျတော့လေ တစ်ခုခုဖြစ်ရင် ခရီးသည်တွေက တိုင်လို့ရတယ်။ အဲဒီအတွက် ခရီးသည်ရဲ့ ယုံကြည်မှုတော့ပိုရတာပေါ့လေ။ ကျွန်တော်တို့အတွက်တော့ လုံးဝဆင်မပြေဘူးလေနော် လူတိုင်းကိုယုံကြည်လို့မှမရတာ။ ခရီးဝေးတစ်ခုခေါ်ရင် မလိုက်ရဲတဲ့ အခြေနေတွေဖြစ်လာတာပေါ့။ အခုဆိုပိုပြီး ကြောက်စရာကောင်းလာတယ်လေ။ ကိုယ်နဲ့မသိတဲ့သူတစ်ယောက် ခရီးဝေးတစ်ခုသွားရင် သူကိုယ့်ကို ဘယ်လိုကြံစည်မလဲဆိုတာ ကိုယ်မသိဘူး။ အမြဲတမ်းနောက်ကျောမလုံဘူးပေါ့နော်။ ခရီးဝေးတွေ နယ်စွန်နယ်ဖျားဘက် ငှားလာတယ်ဆိုရင် ကြောက်တယ်ပေါ့နော် မလိုက်ရဲဘူး။ ဘာကြောင်လဲဆို လက်ရှိအခြေနေမှာ လုယက်မှုတွေကလည်းရှိလာတယ်လေ။ အာဏာသိမ်းပြီးတဲ့အချိန်မှာ ခိုးမှု၊လုယက်သတ်ဖြတ်မှုတွေက ပိုဖြစ်လာတော့ ခုချိန်မှာ အဲဒါတွေပိုသတိထားလာရတယ်။ ငွေရှာရတာ နောက်ကျောမလုံဘူး။ မလုံခြုံဘူးပေါ့လေနော်။

“CDM ၉၀ ရာခိုင်နှုန်း လောက်ကတော့ အတော်လေး ရုန်းကန်နေကြရတာ”

ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းတစ်ဦး

DW ။ စစ်ကောင်စီကနေ အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်တာကာလမှာ ဘာတွေပြောင်းလဲသွားခဲ့လဲ။ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရသလဲ။

ဖြေ ။ ဘာတွေပြောင်းလဲသွားလဲဆို ဘဝတစ်ခုလုံး ပြောင်းလဲသွားတယ်လို့ ပြောလို့ရတယ်။ အထက်တန်းပြ ဆရာမ ဘဝကနေ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သား ဘဝကိုပေါ့လေ။ CDM စလုပ်ကတည်းကိုက စစ်အာဏာရှင်ကို လုံးဝလက်မခံနိုင်လို့ ဆန့်ကိုဆန့်ကျင်ရမယ် ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ သိပ်မရှိခဲ့ပေမယ့် လုံခြုံရေးအရတော့ ထိခိုက်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ အိမ်မှာ ကိုယ့်မြို့မှာ နေလို့မရဘဲ ပြည်တွင်းထဲမှာတင် လှည့်ပတ်တိမ်းရှောင်နေလိုက်ရတာ ၈ လကျော်နီးပါးပါပဲ။ ဆုံးရှုံးမှုတွေကတော့ ကိုယ့်ရဲ့အလုပ်အကိုင်ရယ် လွတ်လပ်ခွင့်တွေရယ် လူ့အခွင့်အရေးတွေရယ်ပေါ့လေ။ ဘာလို့ဆို အိမ်မှာ မိသားစုနဲ့အတူနေလို့မရတော့တာ အခုလက်ရှိ အချိန်အထိပါပဲ။

DW ။ အာဏာသိမ်း ၂ နှစ်ပြီးသွားတဲ့နောက်ပိုင်း ဘာတွေ ဆက်လုပ်နေဦးမလဲ။ ဘယ်လိုတွေ မျှော်လင့်ထားသလဲ။

ဖြေ ။ CDM လှုပ်ရှားမှုစတင်ပြီးနောက် တိုင်းဒေသကြီးအတွင်းက ခက်ခဲတဲ့ CDM တွေအတွက် CDM Supporting တွေ လုပ်ခဲ့ဖူးတာတော့ရှိတယ်။ နောက်ထပ်လည်း ပြည်ပရောက်နေတဲ့ CDM တွေနဲ့စုပေါင်းပြီး ပြည်တွင်းက CDM တွေကို Supporting ဆက်လုပ်သွားဖို့အစီအစဥ် ရှိပါတယ်။ NUG အစိုးရအနေနဲ့လည်း တော်လှန်ရေးအလွန်ကာလမှာ CDM တွေအတွက် အခွင့်အရေး မူဝါဒတွေထုတ်ပြန်လာတာ တွေ့ရပါတယ်။ တစ်ဦးတည်းအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ တော်လှန်ရေးကြား ကာလအတွင်း အခက်အခဲမျိုးစုံကြုံနေရတဲ့ CDM တွေအတွက် ကြားကာလမူဝါဒ ကိုလည်း သတ်သတ်မှတ်မှတ် လုပ်ပေးစေချင်တာပေါ့နော်။ ဥပမာ ပြည်တွင်းက အလုပ်အကိုင်မရှိ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ ဌာနအလိုက် CDM တွေကို ငွေကြေးအထောက်အပံ့တွေ မျှတစွာ စီးဆင်းခြင်းရှိအောင် ဆောင်ရွက်ပေးတာမျိုး။ နောက်တစ်ခုက CDM အတော်များများ ထိုင်းကို တရားမဝင်ရောက်လာကြပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ နေနေကြရတာ တွေ့ရတယ်။ အဲဒီအတွက် ခိုင်မာတဲ့ခိုလှုံခွင့်ရအောင် ဆောင်ရွက်ပေးတာမျိုးပေါ့လေ။ ကြားကာလအတွင်း CDM တွေရဲ့ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ခံယူချက်နဲ့ CDM လုပ်ခဲ့ကြတာမို့ အထောက်အပံ့တွေ အကာအကွယ်တွေကို ထုတ်မပြောကြပေမယ့် CDM ၉၀ ရာခိုင်နှုန်း လောက်ကတော့ အတော်လေး ရုန်းကန်နေကြရတာတော့ အမှန်ပါပဲ။

“အာဏာသိမ်းတာက ဘာမှမကောင်းဘူး”

ကော့သောင်းမြို့ငါးဖမ်းလုပ်ငန်းရှင်တစ်ဦး

DW ။ အာဏာသိမ်းပြီး ၂ နှစ်တာမှာ  ဘာတွေကြုံရလဲ။

ဖြေ ။ ၂ နှစ်အတွင်း အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်။ အခွန်အခတွေဈေးကြီးလာတယ်။ နောက်ပြီး ဘဏ်စနစ်နဲ့ လုပ်လိုက်တဲ့အတွက် ငွေတွေခြောက်ဆယ့်ငါးရာခိုင်နှုန်းဟာ နိုင်ငံတော်အစိုးရပေါက်ဈေးနဲ့ လဲပြီးတော့ သုံးဆယ့်ငါးရာခိုင်နှုန်းက အပြင်ဈေးနဲ့ပြန်သုံးရတယ်။ အဲလိုအခက်အခဲတွေပေါ့။

DW ။ အလုပ်အကိုင် အဆင်ပြေလား။

ဖြေ ။ စရိတ်စကတွေကြီးလာတယ်။ ဆီဈေးတွေတက်လာတယ်။ တစ်ဖက်မှာ ငါးတွေကလည်း ဈေးမရခဲ့ဘူး။ အဲဒါတွေက ဆုံးရှုံးနစ်နာမှုတွေပေါ့။ အာဏာသိမ်းတာက ဘာမှမကောင်းဘူးပေါ့။ တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် အလုပ်လုပ်စားလို့ အဆင်မပြေသလို နိုင်ငံတကာကလည်း ပိတ်ဆို့မှုတွေဖြစ်လာတော့ ရေထွက်ပစ္စည်းတွေကို နိုင်ငံတကာကလာဝယ်တဲ့ အနေအထားတွေမဖြစ်လာဘူး။ သွားရောင်းနေရတာ ထိုင်းနိုင်ငံတခုတည်းဆိုတော့ ကိုယ့်မှာလွတ်လပ်တဲ့ ရွေးချယ်မှုမရှိခဲ့ဘူး။ လုပ်ရင်းကိုင်ရင်းနဲ့ပဲ ဒီထဲဒီထဲမှာပဲနစ်နေတာပေါ့။ အဓိကကတော့ လတ်လပ်ပွင့်လင်းတဲ့ဈေးကွက် လွတ်လပ်တဲ့ နိုင်ငံတော်ကြီးပဲ ဖြစ်ချင်တာပေါ့။

“ရပ်တည်နိုင်အောင် မနည်းကြိုးစားနေရတယ်”

မြိတ်မြို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦး

DW ။ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်း အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ ။ အာဏာသိမ်းလိုက်ပြီး ၂ နှစ်အတွင်းမှာ ခရီးသွားလုပ်ငန်းကတော့ တော်တော်လေး ဆုတ်ယုတ်ကျဆင်း သွားတာပေါ့နော်။ အရှေ့မှာ ကိုဗစ်လည်းဖြစ်ထားတယ်ဆိုတော့ အာဏာသိမ်းမှုနဲ့ ပေါင်းမိပြီး ကျဆင်းသွားတာပေါ့။

DW ။ ဘယ်လိုအလက်အခဲတွေ ကြုံနေရလဲ။

ဖြေ ။ လက်ရှိခရီးသွားလုပ်ငန်းဝင်ငွေနဲ့ ထမင်စားလို့မရဘူး။ အသက်မွေးဝမ်းကြောင်းအနေနဲ့ ရပ်တည်ဖို့က ခုချိန်မှာမလွယ်ဘူး။ ကားလမ်းတွေနဲ့လာဖို့ အဆင်မပြေတာရယ်။ ကုန်ဈေးနှုန်းတွေ မြင့်မားလာတဲ့ပြဿနာတွေရယ်ပေါ့။ ခုချိန်မှာတော့ ခရီးစဥ် ကြိုကြားကြိုကြားတော့ လာနေတာပေါ့။ ရှိတဲ့ဟာလေး ရောင်းထုတ်ပြီး ရပ်တည်နိုင်အောင် မနည်းကြိုးစားနေရတယ်။