လောင်းလုံးတွင် သစ်တောရုံးမီးရှို့ခံရပြီးနောက် အပြန်လှန်ပစ်ခတ်

0
2767

လောင်းလုံးမြို့ပေါ်တွင် မြို့နယ်သစ်တောဦးစီးဌာနရုံး မီးရှို့ခံရပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက် ၂နာရီခန့်တွင် လက်နက်ကိုင်လူတစ်စုက မြို့နယ်သစ်တောဦးစီးဌာနရုံးကို မီးရှို့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနောက် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ၁၅ မိနစ်ခန့်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“သေနတ်သံတွေက ဆူနေတာ” ဟု ၎င်းက ဆိုသည်။

မြို့နယ်သစ်တောဦးစီးဌာနရုံးမှာ လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက် ညောင်ပင်လမ်းဆုံ လောင်းလုံးမှ စမ်းလှန်းသို့ သွားသည့် လမ်းပိုင်းတွင်ရှိပြီး ပစ်ခတ်မှုမှာ ယင်းရုံးအနီးတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သစ်တောရုံးကို မီးရှို့သည်မှာ PDF အဖွဲ့က ဖြစ်နိုင်ဖွယ်ရှိပြီး အပြန်လှန်ပစ်ခတ်မှုမှာလည်း PDF အဖွဲ့နှင့်ပင် ဖြစ်နိုင်ဖွယ်ရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“သူတို့က ထုတ်ပြန်မလာသေးတော့ တိတိကျကျလည်း မပြောတတ်သေး” ဟု ၎င်းက ပြောသည်။

လောင်းလုံးဒေသခံအချို့ကမူ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၃ရက် ည ၁၂နာရီကျော်တွင် မင်းရပ်ရွာက ပြည်သူ တစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကို မီးရှို့ခဲ့သည့်အတွက်ကြောင့် လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြ သည်။

နှစ်ဖက်ထိတွေ့ပစ်ခတ်မှုကြောင့် ကျဆုံးထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ အသေးစိတ် မသိရသေးပေ။

မီးလောင်ကျွမ်းမှုကြောင့် မြို့နယ်သစ်တောဦးစီးဌာနရုံး အဆောက်အအုံ အနည်းငယ် မီး‌လောင်ပျက်စီးခဲ့ပြီး စာရွက် စာတမ်းအပါအဝင် ရုံးသုံးပစ္စည်းအချို့ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

လောင်းလုံးမြို့ထဲရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထား သည်။

အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားသည့် နေရာနှင့် စစ်ကောင်စီ တပ်စွဲထားသည့်နေရာသည် မိုင်ဝက်ခန့်သာ ဝေးကွာသည်။

အာဏာသိမ်းကာလ ၂နှစ်အတွင်း မြို့ပေါ်တွင် ပထမဆုံးအကြိမ် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ခြင်းဖြစ်သည်။

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ နေ့တိုင်းနီးပါးရှိနေပြီး ဖေဖော်ဝါရီလ ၁ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝန်းရံပြီး ‌လောင်းလုံး မြို့နယ်ရှိ ကျေးရွာအချို့တွင် ပြုလုပ်ခဲ့သည်။