ပုလော၊ တန်းရှင်းရွာတွင် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျကွဲပြီး အမျိုးသမီးတစ်ဦးသေဆုံး

0
2642

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တန်းရှင်းရွာတွင် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ရက် ညနေ ၆ နာရီဝန်းကျင်က နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းသန်းမွန်ဆိုသူ သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ဘုရားစင်ရှေ့အိပ်နေတုန်း လာကျတာ။ နံကြားမှာတစ်ချက်၊ လည်ပင်းတစ်ချက်ထိပြီး နေရာတင်ပွဲချင်းပြီး ဆုံးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နာရီနီးပါးကြာသည်အထိ တန်းရှင်းရွာနှင့် တို၊ ပလမြို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း ပလမြို့ရှိ စစ်ကောင်စီတပ်ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို တိုက်ပွဲရပ်နားပြီးသည့်အချိန် ည ၆ နာရီခန့်တွင်လည်း တန်းရှင်းရွာနှင့် သင်္ကန်းတောရွာဖက်သို့ လက်နက်ကြီးဖြင့် ခြောက်ချက် ပစ်ခတ်ခဲ့သေး ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးက တစ်လက်တည်းပစ်တဲ့ ပုံစံမဟုတ်ဘူး။ သုံးလက်နဲ့ တစ်ဆက်တည်းပစ်တဲ့ပုံမျိုး ဆက်တိုက် ထွက်တာ” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးသည်ဟု ကြားရသော်လည်း အရေအတွက် အတိအကျမသိကြောင်း ဒေသခံတို့က ဆိုသည်။

ည ၈ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီး ကဒဲရွာအနီး မိုင်းဆွဲခံရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

“မနက်ထကြည့်တော့ လမ်းပေါ်မှာ ကားတာယာကျွတ်ပြီး မောင်းပြေးသွားတဲ့ အစင်းကြောင်းကြီး ကျန်ရစ်တယ်။ လေးဖာလုံ ငါးဖာလုံလောက် မောင်းပြေးပြီး တောင်ကွေ့နားရောက်မှ အစင်းကြောင်းရာကြီး ပျောက်သွားတယ်” ဟု ကဒဲရွာဒေသခံ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း လက်နက်ကြီးကျရောက်ခြင်းကြောင့် တန်းရှင်းရွာ၊ တိုရွာတို့မှ ဒေသခံဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သေးသည်။