တရုတ်ဖိုက်တာ ဖန်ရောင်းကို အောင်လအန်ဆန်း ရင်ဆိုင်ထိုးသတ်ရမည်၊ နိုင်လျှင် ရွှေခါးပတ်ဆုစိန်ခေါ်ပွဲများ ထိုးသတ်ရဖွယ်ရှိ

0
3930

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းသည် ရှေ့လာမည့်ပွဲစဉ်တွင် တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရတော့မည်ဖြစ်ကြောင်း One Championship က အသိပေးထားသည်။

ယင်းပွဲစဉ်ကို လာမည့် မေလ ၅ ရက်နေ့၌ ကျင်းပမည့်ပြိုင်ပွဲတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အောင်လအန်ဆန်းသည် One Championship ပြိုင်ပွဲတွင် ၎င်းလက်လွှတ်ခဲ့ရသော ချန်ပီယံရွှေခါးပတ်များကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အောင်လအန်ဆန်းနှင့် ဖန်ရောင်းတို့မှာ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပရန် စီစဉ်ထားသောပြိုင်ပွဲ၌ မစ်ဒယ်ဝိတ်တန်းအဖြစ် ထိုးသတ်သွားမည်ဖြစ်သည်။

အောင်လအန်ဆန်းနှင့် ဖန်ရောင်းတို့သည် အစောပိုင်းက ထိုင်းနိုင်ငံတွင်ကျင်းပသောပြိုင်ပွဲ၌ တွေ့ဆုံယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ပြိုင်ပွဲထိုးသတ်ရန် ၁၀ ရက်အလိုတွင် ဖန်ရောင်း၌ ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသည့် အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီဘက်က အောင်လအန်ဆန်းကို ပြိုင်ဘက်ပြောင်းလဲပေးလိုက်ရသည်။

အောင်လအန်ဆန်းသည် ဇန်နဝါရီလ ၁၄ ရက်က ထိုင်းတွင် ကျင်းပခဲ့သော ပြိုင်ပွဲ၌ ဖန်ရောင်း၏နေရာအတွက် အစားထိုးပေးခဲ့သော ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအိုနှင့် ထိုးသတ်ခဲ့သည်။

ယင်းပွဲစဉ်ကို ပထမပွဲချီ၌ပင် အလဲထိုးပြကာ အောင်လအန်ဆန်းက အနိုင်ယူပြခဲ့သည်။

ရွှေခါးပတ်ဆုများကို လက်လွှတ်လိုက်ရပြီးသည့်နောက် အောင်လအန်ဆန်းသည် နိုင်ပွဲ သုံးပွဲ ပြန်လည် ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ် ၂ ပွဲ၌ ပြိုင်ဘက်များကို တစ်ချီတည်းဖြင့် အနိုင်ယူ ပွဲဖြတ်ပြသည်များလည်း ရှိထားပြီဖြစ်သည်။

တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည့် ယခုပွဲစဉ်သည် အောင်လအန်ဆန်း အတွက် အထူးအရေးကြီးသော ပွဲစဉ်တစ်ပွဲသဖွယ်ဖြစ်နေပြီး ဖန်ရောင်းကို အနိုင်ရရှိခဲ့ပါက ချန်ပီယံရွှေခါးပတ်ဆု စိန်ခေါ်ပွဲထိုးသတ်ရန်အတွက် အောင်လအန်ဆန်းက အခွင့်အရေးရသွားဖွယ်ရှိနေသည်။