တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2856

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ

ဗြိတိန်မှာ ဝန်ထမ်း သိန်းချီ ဆန္ဒပြ

ဗြိတိန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စက်မှုလုပ်သားတွေ၊ ပို့ဆောင်ရေးလုပ်သားတွေ၊ ဆရာတွေပါဝင်ခဲ့တဲ့ အစိုးရဝန်ထမ်း သိန်းချီ သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။

လူနေမှုစရိတ် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေပြီး လစာကောင်းကောင်းပေးဖို့ ဆန္ဒပြတဲ့သူတွေကနေ ဆိုထားပါတယ်။

ဒါဟာ ဗြိတိန်နိုင်ငံရဲ့ မျိုးဆက်တခုအတွင်း အကြီးမားဆုံး ညှိနှိုင်းသပိတ်မှောက်မှုဖြစ်ပြီး အရေအတွက် ၃ သိန်းကနေ ၅ သိန်းလောက်အထိ ရှိတယ်လို့ ဆိုထားပါတယ်။

ဗြိတိန်နိုင်ငံဟာ ဆယ်စုနှစ်လေးစုအတွင်း အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ငွေကြေးဖောင်းပွမှု ၁၀ ရာခိုင်နှုန်းကျော်နဲ့ လည်ပတ်နေခဲ့တယ်လို့ ဆိုပါတယ်။

အရင်ကထက်ပိုကြိုးစားခဲ့ပေမဲ့ နှစ်ကုန်ပိုင်းမှာ ပိုဆင်းရဲသွားတာမျိုးက ထိုက်တန်ဖို့ မရှိဘူးလို့ ဆိုထားပါတယ်။

Ref: Aljazeera

………………………………..

ပါကစ္စတန် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပြည်နယ်ရဲ့ မြို့တော် ပက်ဝါရှိ မှာ ဗလီတခုထဲ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်အများစု အပါအဝင် သေဆုံးသူဦးရေ ၁၀၀ အထိရှိလာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ဇန်နဝါရီ ၃၀ ရက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဗလီရဲ့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ဇန်နဝါရီ ၃၁ ရက်အထိ ဆက်တိုက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြတာပါ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူအများစုကို မြို့တော်ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျန်းမာရေးဌာနကနေ ပက်ဝါရှိ ဆေးရုံတွေမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပြည်သူတွေကိုလည်း သွေးလှူဒါန်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ကတော့ ဒဏ်ရာရရှိသူတွေကို သွားရောက်ကြည့်ရှုခဲ့ပြီး အကြမ်းဖက် ဗုံးခွဲမှုကြောင့် နိုင်ငံတဝန်း လုံခြုံရေး အထူးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ဗုံးခွဲသမားဟာ ရဲဝတ်စုံဝတ်ဆင်ထားပြီး ဖောက်ခွဲရေးပစ္စည်း ၁၀ ကီလိုဂရမ်အကျော်နဲ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: BBC

………………………………..

မိုက်ကယ်ဂျက်ဆင်ရုပ်ရှင်မှာ တူဖြစ်သူက သူ့နေရာကို သရုပ်ဆောင်မယ်

ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား “Michael” မှာ သူ့ရဲ့တူဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဂျာဖာ ဂျက်ဆင်က မိုက်ကယ်ဂျက်ဆင်အနေနဲ့ သရုပ်ဆောင်သွားမယ်လို့ Lionsgate Studio က ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဂျာဖာ ဂျက်ဆင်က မိုက်ကယ်ဂျက်ဆင်ရဲ့အစ်ကိုဖြစ်သူ အဆိုတော်၊ထုတ်လုပ်သူ ဂျမိန်း ဂျက်ဆင်ရဲ့သား ဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်မှာ မိုက်ကယ်ဂျက်ဆင်ဘဝရဲ့ကဏ္ဍပေါင်းစုံနဲ့ သူ့ကို ဂီတလောကမှာ ကြယ်ပွင့်ဖြစ်လာစေတဲ့ လမ်းကြောင်းပေါ် ရောက်စေခဲ့တဲ့ အထင်ကရအကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရိုက်ကူးရေးကို အခုနှစ်ထဲ စတင်မှာဖြစ်ပြီး ဇာတ်ကားရိုက်ကူးမယ့် ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့က ဂျာဖာ ဂျက်ဆင်အနေနဲ့ သူ့ဦးလေးကို အတုယူတတ်တဲ့စွမ်းရည်ရှိပြီး သူ့ဘဝဇာတ်ကြောင်းကို ပြန်အသက်သွင်းပေးနိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။

Ref: CNN

………………………………..

ဖိလစ်ပိုင်က အမေရိကန်စစ်စခန်းများကို တိုးချဲ့ခွင့်ပြု

ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စု စစ်အခြေစိုက်စခန်းတွေကို နိုင်ငံအတွင်း တိုးချဲ့ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အောက်မှာ အမေရိကန်ကို နောက်ထပ်နေရာ ၄ ခုကို ဝင်ရောက်ခွင့်ပေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံတဝှမ်းမှာ အမေရိကန်စစ်အခြေစိုက်စခန်းတွေ စုစုပေါင်းအနေနဲ့ ၉ နေရာအထိ ရှိလာတော့မှာ ဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်က မနီလာကို ဖေဖော်ဝါရီလ ၂ ရက်နေ့က လာရောက်ဆွေးနွေးခဲ့ပြီး နောက်မှာ ယခုလို ထုတ်ပြန်လာခဲ့ကြတာပါ။

ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို တိုးမြှင့်လိုက်ပြီး ‌ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ခြိမ်း‌ခြောက် ရန်လိုမှုတွေ ပို တိုးလာနေတာအပေါ် စိုးရိမ်ချက်နဲ့အတူ အမေရိကန်တပ်ဖွဲ့ တွေ အတွက် နောက်ထပ် စစ်စခန်း လေးခု အသုံးပြုခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

အငြင်းပွားတောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ အခိုင်အမာ နေရာယူလာမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တင်းမာမှုတွေကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ့ အမေရိကန်ကနေ အဆင့်တက်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ဆီးဂိမ်းမှာ မွေထိုင်းကို အမည်ပြောင်းလို့ ထိုင်းနှင့် ကမ္ဘောဒီးယားအငြင်းပွား

လာမယ့် မေလ ဆီးဂိမ်းမှာ မွေထိုင်းဆိုတဲ့ ရိုးရာလက်ဝှေ့ထိုးပွဲအမည်ကို ကမ္ဘောဒီးယား ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီကနေ Kun Khmer လို့ အမည်ပြောင်းလဲလိုက်ရာကနေ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံက အငြင်းပွားမှုတွေ စတင်လာခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းမှာ လက်ဝှေ့ထိုးခြင်းဟာ ကမ္ဘောဒီးယားတို့ရဲ့ ရှေးရိုးရာ ကိုယ်ခံပညာအားကစားနည်းဖြစ်လို့ Kun Khmer ဆိုတဲ့အမည်ကိုပဲ သုံးမယ်လို့ အ ကြောင်းပြန်ခဲ့ပါတယ်။

ထိုင်းမွေထိုင်းလက်ဝှေ့သမဂ္ဂကတော့ ကန့်ကွက်တဲ့အနေနဲ့ အဆိုပါလက်ဝှေ့ထိုးပြိုင်ပွဲမှာ ထိုင်းနိုင်ငံက ဝင်မပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကမ္ဘောဒီးယားဘက်ကလည်း လာမယ့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်အလှည့်ကျကျင်းပမယ့် ဆီးဂိမ်းမှာ သူတို့ဆီက လက်ဝှေ့ပြိုင်သမားတွေ စေလွှတ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

Ref: Bangkok Post

………………………………..

ရုရှားရောက် အမေရိကန်သံအမတ်အသစ်ကို လူအများက ဆန္ဒပြ

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် လင်းထရေစီဟာ သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို တင်ပြဖို့ ရုရှားမြို့တော်မော်စကိုမြို့ကိုဇန်နဝါရီလ ၃၀ ရက်နေ့က ရောက်ရှိလာခဲ့ပြီးတဲ့နောက် လူအများကနေ ဆန္ဒပြခြင်းခံခဲ့ရပါတယ်။

သူမဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနထဲကို ဝင်လာတာနဲ့ လူအုပ်က အမေရိကန်ဆန့်ကျင်ရေး ဆောင်ပုဒ်တွေကို ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

ရုရှားနဲ့ ယူကရိန်းစစ်ပွဲမှာ ယူကရိန်းအစိုးရကို တိုက်ခိုက်ရေးတင့်ကားတွေ အပါအဝင် လက်နက်တွေ အမေရိကန်က ပေးပို့ထားတာပါ။

အနောက်မဟာမိတ်တွေနဲ့အတူ ရုရှားအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုအသစ်တွေလည်း ချမှတ်ထားခဲ့ပါတယ်။

ရုရှားပြည်တွင်းရေးကို မစွက်ဖက်ရေး စည်းမျဉ်းကို လိုက်နာဖို့ မျှော်လင့်တယ်လို့ ရုရှား နိုင်ငံခြားရေး ဒုဝန်ကြီး ဆာဂီရီယတ်ဘ်ကို့ဗ်က ထရေစီကို ပြောကြားခဲ့ပါတယ်။

Ref: REUTERS

………………………………..

ယာဉ်ပြုပြင်ခ ဒေါ်လာ ၁၀၀ ပေးရတာကို ဒေါသထွက်လို့ လူ ၈ ဦးကို ပစ်ခတ်ခဲ့တယ်လို့ သေနတ်သမားဝန်ခံ

လူ ၈ ဦး သေဆုံးစေခဲ့တဲ့ ကယ်လီဖိုးနီးယားပစ်ခတ်မှုမှာ သေနတ်သမားဟာ ယာဉ်ပြုပြင်ခ ဒေါ်လာ ၁၀၀ ပေးရတာကို ဒေါသထွက်ခဲ့တယ်လို့ ကယ်လီဖိုးနီးယားအစိုးရရှေ့နေက ပြောပါတယ်။

သူ့ရဲ့ ကုန်တင်ချယာဉ် forklift နဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ဘူဒိုဇာ တိုက်မိလို့ ယာဉ်ပြုပြင်ခ ဒေါ်လာ ၁၀၀ ပေးရတာနဲ့ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ခဲ့ကြပါတယ်။

ဒါဟာ ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းပဲလို့ သေနတ်သမားက ထွက်ဆိုထားပါတယ်။

အသက် ၆၆ နှစ်ရှိတဲ့ ချွန်းလီကျောက်ဟာ အမေရိကန်နိုင်ငံမှာ ၁၁ နှစ်ကြာ နေထိုင်ခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်ပြီး Green Card ကိုင်ဆောင်ထားတဲ့ စိုက်ပျိုးရေးလုပ်သားတစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ ၈ ဦးအနက် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်ပြီး သူတို့အားလုံးက စိုက်ပျိုးရေးလုပ်သားတွေဖြစ်ပြီး အာရှဖွားနဲ့ လက်တင်နွယ်ဖွားတွေ ဖြစ်ကြပါတယ်။

Ref: BBC

………………………………..

လူ ၁၀၀၀ ကို အမြင်အာရုံ ပြန်ကောင်းအောင် ကူညီပေးခဲ့တဲ့ YouTuber MrBeast

ခွဲစိတ်စရိတ် မတတ်နိုင်တဲ့ အမြင်အာရုံ ဆုံးရှုံးနေသူ၊ ဆုံးရှုံးလုဆဲဆဲ ဖြစ်နေတဲ့ လူနာ ၁၀၀၀ ကို အမြင်အာရုံ ပြန်ကောင်းအောင် YouTube စူပါစတား မစ္စတာဘိစ်က ကူညီပေးခဲ့ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ မခွဲစိတ်ရခင်နဲ့ ခွဲစိတ်ပြီးနောက် လူနာတွေရဲ့ စိတ်ခံစားချက်တွေကို ရိုက်ကူးဖော်ပြခဲ့ရာ တစ်ရက်မပြည့်ခင်မှာပဲ ကြည့်ရှုမှု ၃၂ သန်းကျော် ရှိခဲ့ပါတယ်။

အမည်ရင်း ဂျင်မီဒေါ်နယ်ဆန် လို့ခေါ်တဲ့ MrBeast ဟာ လူနာတွေအတွက် ခွဲစိတ်ကုသမှုစရိတ် လှူဒါန်းပေးခဲ့တဲ့အပြင် ငွေသားနဲ့ တခြားလက်ဆောင်တွေလည်း ပေးခဲ့ပါသေးတယ်။

အခမဲ့ခွဲစိတ်မှုတွေကို နှစ် ၂၀ ကြာ ပူးပေါင်းပါဝင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန် ဂျက်ဖ်လီဗင်ဆန်က ပြုလုပ်ပေးခဲ့တာပါ။

ပထမဆုံးနေ့မှာ လူနာ ၄၀ ကို ခွဲစိတ်ပေးခဲ့ပြီး သီတင်းပတ် ၃ ပတ်အတွင်း လူနာ ၁၀၀၀ ကို ခွဲစိတ်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

တရုတ်ထောက်လှမ်းရေးမီးပုံးပျံတွေ အမေရိကန် အနောက်မြောက်ပိုင်း မွန်တားနားမှာ တွေ့ရှိ

အမေရိကလေပိုင်နက်ထဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ရှိခဲ့ရတဲ့ တရုတ်ထောက်လှမ်းရေးမီးပုံးပျံလို့ ယူဆရတဲ့ အရာတွေကို အမေရိကန် အနောက်မြောက်ဘက်မှ ပင်တဂွန်ကနေ ခြေရာခံတွေ့ရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

မြေပြင်မှာ ရှိတဲ့လူတွေ အန္တရာယ်ရှိနိုင်လို့ ပစ်ချခြင်းမပြုဖို့ကိုလည်း ပင်တဂွန်ကဆုံးဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အမေရိကန်-တရုတ်ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ ယခုမီးပုံးပျံကို တွေ့ရှိခဲ့တာက အခြေနေကို ပိုမိုဆိုးရွားသွားစေနိုင်တယ်လို့ ဆိုထားပါတယ်။

မီးပုံးပျံက တရုတ်ဘက်ကနေ လွှတ်တင်လိုက်တာဖြစ်ပြီး အမေရိကန်ရဲ့ သတင်းအချက်အလက်တွေကို စုစည်းဖို့ ဝင်ရောက်လာတာဖြစ်တယ်လို့ ပင်တဂွန်က ပြောကြားခဲ့ပါတယ်။

Ref: The NewYork Times

………………………………..

အီရန်က လမ်းပေါ် ကပြခဲ့တဲ့ စုံတွဲကို တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

အီရန်နိုင်ငံ လမ်းပေါ်မှာ ကပြခဲ့တဲ့ ဗီဒီယိုကို အင်တာနက်ပေါ် တင်ခဲ့တဲ့ အသက် ၂၀ ကျော် စုံတွဲတစ်တွဲကို တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

တရားရုံးက စုံတွဲကို စာရိတ္တပျက်ပြားမှုနဲ့ အများပြည်သူရှေ့ ပြည်တန်ဆာလုပ်ငန်းကို အားပေးအားမြှောက်ပြုမှုတွေနဲ့ နိုင်ငံရဲ့ အစ္စလာမ်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

တရားရုံးက ထိုစုံတွဲကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ခြောက်လ ချမှတ်ခဲ့တဲ့အပြင် ၂ နှစ်တိုင်တိုင် အင်တာနက် သုံးစွဲခွင့်နဲ့ အီရန်ကနေ ထွက်ခွာခွင့်တွေကိုပါ ပိတ်ပင်ခဲ့တာပါ။

ထိုစုံတွဲဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တေရန်မြို့မှာရှိတဲ့ အဇာဒီ မျှော်စင်ရှေ့ ကနေတဲ့ ဗီဒီယိုကို အင်တာနက်ပေါ်မှာ တင်ခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အီရန်မှာ အမျိုးသမီးတွေကို လူမြင်ကွင်းမှာ ကခုန်တာ အထူးသဖြင့် အမျိုးသားတွေနဲ့ တွဲကတာကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

Ref: NBC News

………………………………..