ရေးတွင် မြေမြှုပ်မိုင်းနင်းမိမှုထပ်ဖြစ်၊ အမျိုးသားတစ်ဦးဒဏ်ရာရ

0
2518

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ ကြိုးတံတားကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိမှု ထပ်မံဖြစ်ပွားပြီး အမျိုးသားတစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က မော့ကနင်ကျေးရွာသား အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် လာစဉ် ကြိုးတံတားကျေးရွာအနီးတွင် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။

“သူက ဆိုင်ကယ်နဲ့ ညနေ ခြံကနေ ပြန်လာတာ။ လမ်းမှာ မိုင်းနင်းမိတယ်။ ခြေထောက်နှစ်ဖက်စလုံးမှာ မိုင်းစထိမှန်သွားတယ်။ ဒဏ်ရာကတော့ မပြင်းဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါအမျိုးသားကို လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ကြိုးတံတားကျေးရွာအနီးတွင် ရေပိုက်လိုက်ပြင်သည့် နိုင်ကိုးမိုင်ဆိုသူ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်ဒဏ်ရာရခဲ့သည်။

ယင်းအပြင် ဇန်နဝါရီ ၂၈ ရက်ကလည်း ဆိုင်ကယ်တစ်စီး မောင်းနှင်လာစဉ် မိုင်းနင်းမိခဲ့သေးပြီး လူထိခိုက်မှု မရှိဟု ဆိုသည်

လမိုင်းဒေသတွင် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ဒေသခံတို့အကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဒီဒေသမှာက ခြံပဲလုပ်ကြတာများတယ်လေ။ အခုက ခြံသွားလည်း မိုင်းထိနေတော့ ခြံသွားဖို့က ခပ်လန့်လန့်ပဲ။ လူသွားလမ်းတွေမှာပဲ ထိနေတယ်ဆိုတော့ ကြောက်ကြတယ်လေ။ အကုန်ကြောက်နေရတဲ့ကြားမှာ အခုက မိုင်းနင်းမိမှာကို ထပ်ကြောက်နေရတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသည့် ကြိုးတံတားကျေးရွာအနီးတွင် စစ်ကောင်စီတပ် စခန်းချထားပြီး တော်လှန်ရေးအဖွဲ့တို့က မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။