သရက်ချောင်း၊ ညောင်ဇင်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ၊ စာသင်ကျောင်းလည်း မီးလောင်

0
3317

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရပြီး မွန်းလွဲပိုင်းတွင် အထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် ၄ နာရီခွဲခန့်တွင် အသက် ၅၆ နှစ်ခန့်ရှိ ဦးအောင်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံများက ဆိုသည်။

ညောင်ဇင်မှ ထားဝယ်မြို့သို့ သုံးဘီးဖြင့် ရေခဲတက်ဝယ်စဉ် ညောင်ဇင်ရွာအပြင်ဘက်ရှိ စာသင်ကျောင်းနှင့် ဈေးအနီးရှိ လယ်ကွင်းထဲတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်အဖွဲ့က ပစ်မှန်းတော့ မသိဘူး။ သေနတ်သံ တစ်ချက်ကြားလိုက်တယ်။ အလောင်းက အိမ်ကိုရောက်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။

၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

ယင်းနောက် မွန်းလွဲ ၁နာရီခန့်တွင် ကျေးရွာအထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံအချို့က ပြောသည်။

မီးလောင်နေသည်ကို ရွာသူ၊ ရွာသားများမြင်တွေ့ချိန်တွင် စာသင်ကျောင်းမှာ မီးအရှိန်မြင့်နေပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မွန်းလွဲ ၂နာရီခန့်တွင် သရက်ချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ကားသုံစီး၊ စစ်ကောင်စီတပ်၊ ပျူစောထီးတို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းသို့ ရောက်ရှိလာချိန်တွင် ကျောင်းမှာပြာကျသွားပြီဖြစ်သဖြင့် မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ကျောင်းမီးလောင်သည့် အကြောင်းအရင်းကို သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့များ ရောက်လာချိန်တွင် သေနတ် သုံးလေးချက်ခန့် ပစ်ဖောက်ခဲ့သေးသဖြင့် ရွာသူရွာသားများမှာ အိမ်ထဲက အိမ်ပြင်မထွက်ရဲဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ညောင်ဇင်ကျေးရွာမှာ ထားဝယ်-မြိတ်ကားလမ်းဘေးတွင်တည်ရှိသည့် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ကျောင်းတက်သူမရှိသဖြင့် အဆိုပါ အထက်တန်းကျောင်းမှာ ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါကျောင်းဖွင့်လှစ်စဉ်က ညောင်ဇင်၊ သရက်နှစ်ခွ၊ သင်းကျွန်း၊ ဥတ္တူကျေးရွာနှင့် ကြာအင်းစသဖြင့် အထက်တန်း ကျောင်းမရှိသည့် ကျေးရွာမှ အထက်တန်းနှင့် အလယ်တန်းကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နေသည့် စာသင်ကျောင်းဖြစ်သည်။

တနင်္သာရီတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကမူ ကျောင်းမီးလောင်သည့်ဖြစ်စဉ်ကိုသာ ကြားရပြီး မီးလောင်မှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေကို မသိရသေးဟု ပြောဆိုသည်။