ဆက်ကြေးကောက်လျှင် တိုင်ကြားရန် ပုလော PDF ထုတ်ပြန်

0
2757

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများအတွင်း ဆက်ကြေးကောက်ယူလျှင် တိုင်ကြားနိုင်ကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်လိုက်သည်။

မြိတ်ခရိုင်တပ်ရင်း၏ ထိန်းချုပ်နယ်မြေများ၊ ကျေးရွာများနှင့် ပြည်ထောင်စုလမ်းပိုင်းအတွင်း အခွန်ကောက်ခံခြင်း၊ ခရီးသွားပြည်သူများအပေါ် နိုင်ထက်စီးနင်းပြုခြင်း၊ မတရား ငွေကောက်ခံခြင်း လုံးဝပြုလုပ်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ပြုလုပ်နေသူများရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) တရားဝင် Facebook စာမျက်နှာဖြစ်သည့် Palaw People’s Defence Force သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း ဖော်ပြသည်။

မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေဖြင့် ပြစ်မှုကျူးလွန်သည့် ရဲဘော်များကို ထိထိရောက်ရောက်ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပုလောနှင့် မြိတ်မြို့နယ်အစပ် မြိတ်မြို့နယ်အပိုင် ကျေးရွာအချို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ငွေကြေး တောင်းခံသည့်ဖြစ်ရပ်အချို့ရှိသည်ဟု ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

တနင်္သာရီမြို့နယ်၊ မောတောင်လမ်းပိုင်းတွင်လည်း ဆက်ကြေးတောင်းခံမှုများရှိနေကြောင်းလည်း သတင်းအချို့ ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင်လည်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစုများသည် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေသူများကို သတိပေးတားမြစ်ခြင်း၊ ဖမ်းဆီးအရေးယူခြင်း၊ ခရီးသည်ယာဉ်များနှင့်အတူ လိုက်ပါလေ့ရှိသည့် စစ်ကောင်စီတပ်သား များကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်လျှက်ရှိနေသည်။