ရှော့တိုက်၊ မိုင်းခွဲ သဘာဝမဟုတ်နည်းများဖြင့် ငါးဖမ်းခြင်းကို ထားဝယ် ပအဖ တားမြစ် 

0
2642

ထားဝယ်မြို့နယ်အတွင်းရှိ မြစ်ချောင်း၊ အင်း၊ အိုင်များအတွင်းရှိ ရေနေသတ္တဝါများကို သဘာဝမဟုတ်သည့် နည်းလမ်းများဖြင့် ဖမ်းဆီးခြင်း မပြုလုပ်ကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်သည်။ 

ရေနေသတ္တဝါများကို ‌လျှပ်စစ်ဖြင့် ရှော့တိုက်ဖမ်းဆီးခြင်း၊ မိုင်းခွဲ၊ အဆိပ်ခတ်ဖမ်းဆီးခြင်း စသည့် သဘာဝနည်း မဟုတ်သည့် ငါးဖမ်းနည်းများဖြင့် ဖမ်းဆီးခြင်းမပြုကြရန် ဖေဖော်ဝါရီလ ၁ ရက်‌ ရက်စွဲဖြင့် ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်လိုက်ခြင်းဖြစ်သည်။ 

ထားဝယ်မြို့နယ် အရှေ့တောဒေသဘက်သို့သွားသည့် လမ်းတလျှောက်တွင် တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်ခြင်းများလည်း ရှိသည်။ 

ယင်းအတွက်ကြောင့် ကုန်စည်စီးဆင်းရေးအခက်အခဲကြောင့် စားရေးသောက်ရေး ခက်ခဲလာသဖြင့် မြစ်ချောင်းများအတွင်း သဘာဝမဟုတ်သည့် ရှော့တိုက်၊ မိုင်းခွဲငါးဖမ်းနည်းများကို အသုံးပြု ဖမ်းဆီးလာကြကြောင်း အရှေ့တောဒေသ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

“မိုင်းခွဲ၊ ရှော့ရိုက် နည်းပေါင်းစုံနဲ့ ငါးဖမ်းလာတော့ အခုတောင် ချောင်းထဲ ငါးမရှိသလောက်ဖြစ်နေပြီ။ ဒီအတိုင်းဆက်သွားရင် ငါးမျိုးပျောက်ဖို့ပဲ ရှိမယ်” ဟု ၎င်းက ဆိုသည်။ 

သဘာဝမဟုတ်သည့် နည်းလမ်းဖြင့် ဖမ်းဆီးခြင်းကြောင့် တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင် ယိုယွင်းပြီး ဂေဟစနစ်လည်းပျက်စီးစေသည့်အတွက် တားမြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

တားမြစ်ထားသည့်နည်းလမ်းများဖြင့် ရေနေသတ္တဝါများ ဖမ်းဆီးသည်ကိုတွေ့ရှိပါက တိုင်ကြားရန်လည်း တောင်းဆိုထားပြီး စစ်ဆေးအရေးယူမည့်အစီအမံကိုလည်း ထုတ်ပြန်ထားသည်။ 

ထားဝယ်မြို့နယ်ရှိ ကရင်တိုင်းရင်းသားများနေထိုင်ရာ ဘန်းချောင်းတလျှောက်ရှိ ကျေးရွာ ၁၂ ရွာတွင် ဒေသခံများ ထိန်းသိမ်းထားသည့် ငါးထိန်းသိမ်းရေး အိုင်များလည်းရှိကြသည်။ 

၎င်းရေအိုင်မှ ငါးများကို သတ်မှတ်ချိန်တွင်သာ ဖမ်းယူလေ့ရှိပြီး ကျန်အချိန်တွင်မူ ထိန်းသိမ်းအိုင်မီတာ ၁၀၀ အတွင်း ငါးဖမ်းဆီးခွင့် မပြုကြပေ။