ပုလောနှင့်တနင်္သာရီမြို့တို့တွင် ညရှစ်နာရီနောက်ပိုင်း ညမထွက်ရအမိန့်ထုတ်

0
2930

စစ်အုပ်ချုပ်ရေး ကြေညာထားသော မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နှင့် တနင်္သာရီမြို့တို့တွင် ညရှစ်နာရီနောက်ပိုင်း ညမထွက်ရအမိန့်ကို တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းစစ်ဌာနချုပ်က ထုတ်ပြန်လိုက်သည်။

ယနေ့ (ဖေဖော်ဝါရီ ၃) ရက်နေ့စွဲဖြင့် တနင်္သာရီတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပုလောမြို့နှင့်တနင်္သာရီမြို့နေ ပြည်သူများ ည ၈ နာရီမှ နံနက် ၅ နာရီအထိ လုံခြုံရေးတာဝန်ရှိသူများမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုရန်၊ ယင်းအချိန်အတွင် လူ ၅ ဦးနှင့် ၅ ဦးထက်ပို၍ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောလှုံဆော်ခြင်း မပြုလုပ်ရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တနင်္သာရီတိုင်းရှိ ထားဝယ်ခရိုင်နှင် မြိတ်ခရိုင်တို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်များကို မကြာခဏမိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ ဂိတ်စခန်းများ ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်လေ့ရှိသည်။

ယင်းကြောင့် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ရှိ ဒေသအချို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများ ရပ်တန့်နေသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ရုန်းရင်းဆန်ခတ်မှုပြုလုပ်ခြင်း၊ တုတ်ဓါးကိုင်ဆောင်ခြင်းနှင့် မီးလောင်စေတတ်သည့် အရာများကိုင်ဆောင်ခြင်းနှင့် လမ်းမပေါ်အတားအဆီးများ ပိတ်ဆို့ခြင်း၊လူစုလူဝေးနှင့် ပိတ်ဆို့တားဆီးခြင်းများ မပြုလုပ်ရန်နှင့် လုံခြုံရေးတာဝန်ယူထားသူများကိုလည်း မည်သည့်နည်းဖြင့်မျှ နှောင့်ယှက်ခြင်းမပြုရန်ကိုလည်း ဖော်ပြထားသည်။

အမိန့်မလိုက်နာသူများအား အင်အားသုံး ဖမ်းဆီးကာ တည်ဆဲဥပဒေများဖြင့်လည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအမိန့်သည် နောက်အမိန့် ထပ်မံမထုတ်ပြန်ချိန်အထိ အတည်ဖြစ်စေရမည်ဟုလည်း ရေးသားထားသည်။

စစ်ကောင်စီမှ ဖေဖော်ဝါရီ ၂ ရက်နေ့ ရက်စွဲဖြင့် မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး(Martial Law)ကြေညာခဲ့ရာ ပုလောနှင့်တနင်္သာရီမြို့များ ပါဝင်ခဲ့သည်။