ကော့သောင်းတွင် ပျူစောထီးခေါင်းဆောင်ပစ်သတ်ခံရပြီး စစ်ကူလာသည့်ကား မိုင်းဆွဲခံရ

0
3162

ကော့သောင်းမြို့နယ်တွင် ပျူစောထီးဒုခေါင်းဆောင် ပစ်သတ်ခံရပြီး စစ်ကူလာသည့် ကားမိုင်းဆွဲခံရကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က မနေ့ညကထုတ်ပြန်လိုက်သည်။

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ မာရမ်းကျေးရွာတွင် နေထိုင်သည့် ပျူစောထီးဒုခေါင်းဆောင် ဦးဆန်းတင်အား မနေ့က(ဖေဖော်ဝါရီ ၁)နံနက် ၆ နာရီကျော်တွင် သွားရောက်ရှင်းလင်းခဲ့ပြီး ၎င်းနှင့်အတူ M 16 ၊A1 မောင်းပြန်ရိုက်ဖယ်နှစ်လက်၊ ကျည်ဘောက်အရှည်တစ်ခုနှင့် ကျည်ဆံ ၂၈ တောင့်အပါအဝင် ဓါးမြှောင် ၃ လက်ကိုသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ပစ်ခတ်ခဲ့ပြီးနောက် နံနက် ၁၁ နာရီခွဲတွင် ခမောက်ကြီးမြို့နယ်ဘက်မှ မာရမ်းကျေးရွာဖက်သို့ စစ်ကာကြီးနှစ်စီးဖြင့် အင်အားခြောက်ဆယ်ခန့်တက်လာစဥ် အောင်ချမ်းသာကျေးရွာနှင့် ဆိတ်ဖူးကျေးရွာကြား ပလတ်ခွတံတားအနီးတွင် ထပ်မံပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သော်လည်း Dawei Watch အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။

“ပျုစောထီးခေါင်းဆောင် ပစ်သတ်ခံရတာတော့မှန်ပါတယ်။ စစ်ကောင်စီတပ်သေဆုံးတာတော့ ကျွန်တော်တို့လည်း အတိအကျမသိရသေးဘူး”ဟု ကော့သောင်းဒေသခံအမျိုးသား ကလည်းပြောသည်။