ပေါင်တွင် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းဟောင်းတစ်ဦး ပစ်သတ်ခံရ

0
2596

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၂၀၂၀ တွင် ရွေးကောက်ပွဲဝင်ခဲ့သူ ဦးကိုကိုလေး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဦးကိုကိုလေးမှာ ပေါင်မြို့ ပေါင်းရပ်ကွက်တွင် နေထိုင်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက် ညနေ ၆ နာရီခန့်က နေအိမ် ဈေးဆိုင်တွင် ဈေးရောင်းနေစဉ် အမည်မသိသေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့်ရောက်လာပြီး ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကိုကိုလေးတွင် ဝဲဘက်ရင်ညွန့်၊ ဝမ်းဗိုက်၊ မေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိပြီး မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

“သေနတ်သမား နှစ်ဦးက ဆိုင်ကယ်နဲ့ အိမ်မှာ လာပစ်ခတ်သွားတာ။ ၇ ချက် ၈ ချက်လောက် ပစ်သွားတယ်။ ဆေးရုံပို့တဲ့အချိန်မှာ လမ်းမှာပဲ ဆုံးသွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးကိုကိုလေးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအနေဖြင့် ပေါင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ထားသူဖြစ်သည်။

၎င်းကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဦးကိုကိုလေးသည် အာဏာသိမ်းပြီးနောက် ပြည်သူများ ဖမ်းဆီးခံရသည့်ဖြစ်စဉ်များ၊ PDF နှင့် မိသားစုဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်များတွင် ပါဝင်နေသူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် စစ်ကောင်စီက ကျင်းပမည် ရွေးကောက်ပွဲအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အထက်ပါ ထုတ်ပြန်ပြောဆိုထားချက်နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟောင်းတို့၏ နေအိမ်အချို့ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုများရှိသည့်အပြင် ပစ်သတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။