ကော့သောင်းတွင် ကုန်တင်လှေတစ်စီးမီးလောင်၊ လှေသားသုံးဦး ဒဏ်ရာရ

0
2636

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံတံတားတွင် ဆိုက်ကပ်ထားသည့် ကုန်တင်လှေတစ်စီး ယနေ့ နံနက်က မီးလောင်ပြီး လှေသားသုံးဦးဒဏ်ရာရကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးသူတို့မှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၅ နာရီခန့်က လှေပေါ်တွင် ပဲ့နင်းဖြစ်သူ အိပ်ပျော်နေစဉ် လှေသားတို့က ဂတ်စ်အိုးဖြင့် ထမင်းတည်ရာမှ ဂတ်စ်ယိုစိမ့်ပြီး မီးလောင်ခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် မီးတပ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုကြောင့် ဒီဇယ်ဆီ ၅ ပီပါ၊ ကုန်တင်လှေခေါင်းပိုင်းနှင့် စားသောက်ကုန်ရိက္ခာများ မီးလောင်ကျွမ်းခဲ့သဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း သုံးဆယ်သုံးသိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“ဒဏ်ရာရတဲ့ သူတွေကို ဆေးရုံကို ပို့ပေးထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟု ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

ဒဏ်ရာရ လှေသား အမျိုးသားသုံးဦးအား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားခြင်းဖြစ်သည်။

မီးလောင်မှုအား ကော့သောင်းခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ခဲ့ရာ ၇နာရီခွဲခန့်တွင် မီးငြိမ်းခဲ့ကြောင်း ကော့သောင်းခရိုင် မီးတပ်ဦးစီးဌာနထံမှ သိရသည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လှေပဲ့နင်းဖြစ်သူအား ရာဇသတ်ကြီးပုဒ်မ ၂၅၈ (မီးပေါ့ဆမှု) / ၃၃၈ (ပေါ့ဆမှုဖြင့် ပြင်းထန်နာကျင်စေမှု) တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။