လောင်းလုံးတွင် PDF နှင့်ပြည်သူ ပူးပေါင်းဆန္ဒပြ

0
3263

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းတွင် လောင်းလုံးမြို့နယ်၌ PDF နှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြကြောင်း ပါဝင်ဆန္ဒပြသည့် ဒေသခံအချို့ထံမှ သိရသည်။

လောင်းလုံးမြို့နယ် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စုအသီးသီးနှင့် ပြည်သူလူထုပူးပေါင်း၍ ကျေးရွာအချို့တွင် ဆိုင်ကယ်ဖြင့် လှည့်လည်၍ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“(ဆန္ဒပြသူ) အင်အားတစ်ရာလောက်ရှိမယ်။ ဆိုင်ကယ်တွေနဲ့ ဘေးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဝန်းရံထားတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

PDF နှင့် ပြည်သူ ပူပေါင်းသပိတ်စစ်ကြောင်းသည် ယနေ့ ည ၇ နာရီမှစပြီး ကျေးရွာအချို့သို့ သွားရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကလည်း ယနေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စီတန်းလှည့်လည်ဆန္ဒပြခဲ့‌သေးသည်။